ဘန်ကောက်ပို့စ် သတင်းစာရဲ့ အယ်ဒီတာအာဘော် “စစ်တပ်ရဲ့ ရက်ရောမှုများ” (Military largesse) ဆောင်းပါးမှာ တွေ့မိတာပါ။ ဆောင်းပါးအဖွင့်ကတော့ အခုအခါ Don Muang လေဆိပ်ကို တိုးချဲ့မယ်ဆိုတော့ ထိုင်းစစ်တပ်က သူ ပိုင်ဆိုင်ထားတဲ့မြေ ၃၆၀ ရိုင် (၁၄၂ ဒသမ ၃ ဧက) ရှိတဲ့ ကန်တာရတ်ဂေါက်ကွင်းကို ထိုင်းလေဆိပ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်မယ်ဆိုတဲ့ သတင်းပါ။
တလောက ထိုင်းဝန်ကြီးချုပ် ဆရီထာက ထိုင်းနိုင်ငံကို နိုင်ငံတကာရဲ့ လေဆိပ်ဆုံချက် (regional aviation hub) တခုအဖြစ် အသွင်ပြောင်းမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေဆိပ်တွေ တိုးချဲ့ဖို့လည်း လိုအပ်လာပါတယ်။ ထိုင်းစစ်တပ်က အရပ်သားအစိုးရရဲ့ မေတ္တာရပ်ခံချက်ကို နားထောင်လိုက်လျောတာလည်း ကျက်သရေ ရှိလှပါတယ်။ ဒါပေမဲ့ စစ်တပ်က လျော်ကြေးသဘောမျိုး တခုခုတော့ ရမှာပါ။
အဲဒီဆောင်းပါးမှာပဲ ဖော်ပြထားတာက ထိုင်းစစ်တပ်က ဂေါက်ကွင်း ၃၇ ခု၊ (အဲဒါတွေကို အားကစားဖွံ့ဖြိုးရေးစင်တာခေါ်ဆိုထားပါတယ်)၊ ပရာကျွတ်ခီရီခန်၊ စမွတ်ပရာကန်၊ ချင်းမိုင်၊ ပက်ချ်ဘူရီတို့မှာ ဟိုတယ် ၆ လုံးနဲ့ လက်ဝှေ့ထိုးရုံ တရုံ ဘန်ကောက်မှာ၊ မြင်းစီးကွင်းတခု နကွန်ရတ်ချ်စီမာမြို့မှာ ပိုင်ဆိုင်တယ်လို့ ဖော်ပြပါတယ်။
အဲဒါအပြင် မြေကြီး ရိုင် ၄ ဒသမ ၅ သန်း (၁ ဒသမ ၇၇ သန်းဧက) ပိုင်ဆိုင်ထားပါတယ်။ အဲဒီအထဲက ရိုင် ၄၆၀,၀၀၀ ကပဲ စစ်တပ် အမည်ပေါက်ပိုင်ဆိုင်တာ ဖြစ်ပြီး ကျန်တာက နိုင်ငံတော် အစိုးရပိုင်၊ အမျိုးသားလုံခြုံရေးကိစ္စနဲ့ စစ်တပ်က ငှားယူ အသုံးချထားတာ ဖြစ်ပါတယ်။
ထိုင်းစစ်တပ်က ရုပ်သံချန်နယ် ၅ ၊ ၇ နဲ့ ရေဒီယိုအသံလွှင့်ရုံ ၂၄၅ ခု ပိုင်ဆိုင်ပါတယ်။ ဒီလုပ်ငန်းတွေနေ ဝင်ငွေတွေ ရရှိနေပါတယ်။ ဂေါက်ကွင်း ၃၇ ခုကနေ ခန့်မှန်း ဘတ် ၇၂၄ သန်း ဝင်ငွေ ရှိပါတယ်။ ကုန်ကျစရိတ်တွေ ပြန်နုတ်ရင် ၂၀၂၀ ပြည့်နှစ်မှာ တနှစ်ကို အမြတ် ၇၄ သန်း ကျန်ပါတယ်။
ဒီဂေါက်ကွင်း၊ ဟိုတယ်တွေဆီက ဝင်ငွေက TV နဲ့ အသံလွှင့်ရုံတွေဆီကရတဲ့ အမြတ်နဲ့စာရင် သိပ်မထင်ရှားလှဘူးလို့ ဆိုပါတယ်။ Standard definition (SD) ပုံမှန်ကြိမ်နှုန်းနဲ့ ထုတ်လွှင့်ရင် တလကို အခကြေးငွေ ၃ ဒသမ ၅ သန်း စစ်တပ်ကိုပေးရပြီး၊ အဆင့်မြင့်အကြည် ထုတ်လွှင့်မှု HD (high-definition) ဆိုရင် တလကို ၁၀ ဒသမ ၅ သန်းဘတ် အခကြေးငွေ ပေးရတယ်လို့ ဖော်ပြထားပါတယ်။
တော်ဝင်မြင်းပြိုင်ကွင်းကလည်း ဝင်ငွေ အတော်ရပါတယ်။ ဒါပေမဲ့ စစ်သားတွေရဲ့ သာယာဝပြောရေးအတွက် ဘယ်လောက်သုံးတယ်။ တချို့သော လူပုဂ္ဂိုလ်၊ အေဂျင်စီတွေက ဘယ်လောက်ရသွားတယ်ဆိုတာ ဘယ်သူမှ သေချာ မသိနိုင်ပါဘူး။ စာရင်းစစ်လို့ရတဲ့ ငွေကြေးဖော်ပြချက်တွေ ရှိမနေလေတော့ ထိုင်းကာကွယ်ရေးဦးစီးချုပ် လုပ်သူတောင် ဝင်ငွေတွေ ဘယ်၍ဘယ်မျှ ရနေတယ်ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူးတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ကောင်းနေသေးတာက ထိုင်းတပ်မတော်က ထိုင်းလူထုတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူ တည်ဆောက်လိုသေးတဲ့ ဆန္ဒရှိနေတာပါပဲ။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်နေတာပါ။