ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု မတ် ၁၁ ရက်ကနေ ၁၈ ရက်အထိ စုစုပေါင်း ၃၇ ယောက်ကျော်နဲ့ ဒဏ်ရာရရှိသူ ၇၀ ကျော်အထိရှိလာပြီလို့ ရခိုင်ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးတဲ့ မြို့တွေမှာလည်း စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း အပါအဝင် စစ်ကောင်စီ အထိုင်ချရာ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို အပြစ်မဲ့ အရပ်သားပြည်သူလူထုတွေ နေထိုင်တဲ့ နေရာတွေကို တိုက်ခိုက်နေတာပါ။
ပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်တွင်းမှာ နေထိုင်တဲ့ ရခိုင်လူမျိုး အပါအဝင် ရိုဟင်ဂျာ၊ မွတ်စလင်၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မြို၊ မရမာ၊ ကမန်နဲ့ ဟိန္ဒူလူမျိုးတွေပါ ဒဏ်ရာရ၊ သေဆုံးနေတယ်လို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“တပြည်လုံးအတိုင်းအတာနဲ့ ပြောရရင် ရခိုင်ပြည်တွင်းမှာနေထိုင်တဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ မွတ်စလင်၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မြို၊ မရမာ၊ ကမန်နဲ့ ဟိန္ဒူလူမျိုးတွေ အကုန်ပါတယ်။ စစ်ကောင်စီဘက်ကနေ ရခိုင်ပြည်နယ်တွင်းမှာ ရှိသမျှလူအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ကို လေကြောင်းရော ရေကြောင်းပါ ရှိသမျှအကုန်သုံးပြီး တိုက်နေတာ။ ရခိုင်ပြည်ကို ဘာတခုမှ ရစရာမရှိအောင် ဒီကောင်တွေက ဖျက်ဆီးနေတာ။ ပြည်သူတွေ သေတာကလည်း ဘယ်လောက်အထိများလို့ ဘယ်လောက်ထိ ကမ္ဘာပျက်နေလဲ ဆိုတာလဲ မသိရဘူး။ ကျနော်တို့ ပြည်သူတွေအတွက် အရှင်ငရဲပါပဲ။”
ရခိုင်ပြည်နယ်မှာ စစ်ရေးအရရော ကူးသန်းရောင်းဝယ်ရေးအတွက်ပါ အရေးပါတဲ့ မြို့တွေအပါအဝင် တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ ရေတပ်သင်္ဘာတွေကိုပါ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတာကြောင့် စစ်ကောင်စီက ရခိုင်ပြည်နယ်တွင်းရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လူအခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့အတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှု စတာတွေကို လက်နက်အဖြစ်သုံးကာ တိုက်ခိုက်နေပါတယ်။
မတ် ၁၁ ရက်ကနေ ၁၈ ရက်အထိ မင်းပြားမြို့နယ်မှာ သေဆုံးသူ ၂၄ ဦး၊ မြောက်ဦးမြို့နယ်မှာ လေးဦး၊ မြေပုံမြို့နယ်မှာ နှစ်ဦး၊ ပေါက်တောမြို့နယ်မှာ လေးဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ သုံးဦးအထိ ရှိတယ်လို့ ဒေသတွင်း သတင်းရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူ အရေအတွတ်ဟာ ၇၀ ကျော်အထက်ရှိကာ မင်းပြားမြို့နယ်မှာ ၂၈ ဦး၊ မြောက်ဦးမြို့နယ်မှာ ၁၃ ဦး၊ မြေပုံမြို့နယ်မှာ နှစ်ဦး၊ ပေါက်တောမြို့နယ်မှာ ၁၁ ဦး၊ ကျောက်ဖြူမြို့နယ်မှာ တဦး၊ ရမ်းဗြဲမြို့နယ်မှာ တဦးနဲ့ စစ်တွေမြို့နယ်မှာ ၁၈ ဦးကျော်အထိ ရှိတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူနဲ့ သေဆုံးသူဦးရေဟာ မတ် ၁၁ ရက်ကနေ ၁၈ ရက်အထိ ရခိုင်ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်ကို စာရင်းပြုစုထားတာဖြစ်လို့ မြေပြင်မှာ ထိခိုက်ဒဏ်ရာ ရရှိသူနဲ့ သေဆုံးသူဟာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင် ပြုစုနေတဲ့ အဖွဲ့အစည်းတခုရဲ့ ဦးဆောင်သူတဦးက “လက်ရှိ မြေပြင်မှာက အင်တာနက်ရော ဖုန်းလိုင်းပါ ဖြတ်ထားတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူတွေကို အချက်အလက်ပြုစုတာနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်လည်း အခက်အခဲဖြစ်တယ်။ ဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေပြီလဲ ဆိုတာ မသိရဘူး။ ဖုန်းဆက်မရ၊ အင်တာနက်လည်း မရတော့ ဘယ်နေရာကို ရှောင်ရမယ်၊ ဘယ်နေရာတွေမှာ တိုက်ပွဲဖြစ်နေပြီလဲ မသိရဘူး။ သေဆုံးသူတွေ ဒဏ်ရာရသူတွေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေပါ လက်လှမ်းမီသလောက်တော့ အချက်အလက်တွေ ပြုစုနေကြတယ်။ ဒီကျူးလွန်တဲ့သူတွေကိုပါ စစ်ခုံရုံးတင်ပြီးတော့ စစ်ဆေးနိုင်အောင် ကျနော်တို့ဘက်ကနေ ကူညီပံ့ပိုးသွားမယ်” လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အချက်အလက်တွေအရ နိုဝင်ဘာ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၃ ရက်အထိ ရခိုင်ပြည်တွင်းစစ်မှာ စစ်ကောင်စီဘက်ကနေ အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်တဝန်းမှာ ထိခိုက်သေဆုံးသူ ၁၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၅၇ ဦးနဲ့ စစ်ဘေးရှောင် ၃၃၁,၀၆၇ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
HDCO အချက်အလက်တွေဟာ ဖေဖော်ဝါရီ ၁၃ ရက်အထိ ကောက်ခံထားတာဖြစ်လို့ ရခိုင်ပြည်နယ်တဝန်းမှာ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူနဲ့ စစ်ဘေးရှောင်ဦးရေဟာ မတ်လအတွင်းမှာ ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရခိုင်မြေပြင်စစ်မျက်နှာမှာ AA ဘက်ကနေ ချင်းပြည်နယ်က ပလက်ဝမြို့နယ် အပါအဝင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြို လက်ဝဲလက်ယာမြို့တွေကို သိမ်းပိုက်ထားပါတယ်။
လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းမှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေသုံးမြို့သာ ရက္ခိုင့်တပ်တော်ဘက်ကနေ သိမ်းပိုက်ဖို့ ကျန်ရှိနေပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို သိမ်းပိုက်ဖို့အတွက် စစ်ရေးအရ အရေးသာနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တခုလုံးကို လက်လွှတ်ဆုံးရှုံးမယ့် အတိုင်းအတာနဲ့ ရင်ဆိုင်နေရတဲ့အပြင် ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်အောက်မှာ မြို့တွေ တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးလာရတာကြောင့် ရခိုင်ပြည်နယ်ထဲမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်ဖြစ်အောင် ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့အပြင် စစ်မျက်နှာတွေကိုပါ ပို့ပေးနေတာကြောင့် တိုက်ပွဲတွင်းမှာ ရိုဟင်ဂျာ ထိခိုက်သေဆုံးသူတွေပါ ရှိတယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ၊ ပြည်သူလူထု အပါအဝင် ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်၊ ဈေး၊ ဆေးရုံ၊ ကျောင်း၊ သာသနိက အဆောက်အအုံတွေ အပါအဝင် သမိုင်းဆိုင်ရာ အမွေအနှစ်တွေကိုပါ တိုက်ခိုက်နေမှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိရမှာ ဖြစ်ပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို စစ်ဆေးပြီး စစ်ခုံရုံးတင်ကာ စစ်ဥပဒေတွေနဲ့အညီ အပြစ်ပေး အရေးယူသွားမယ်လို့ AA က ဆိုပါတယ်။