Home
နိုင်ငံတကာ
ထိပ်တန်းရာထူးရ အမျိုးသမီး ဦးရေအများဆုံးနိုင်ငံများ၌ ဖိလစ်ပိုင်နှင့် ထိုင်း ပါဝင် 
DVB
·
March 18, 2024
WomenLeaders_18032024

လုပ်ငန်းခွင်တွေထဲက အကြီးတန်း စီမံခန့်ခွဲမှုဆိုင်ရာ ထိပ်တန်းရာထူးနေရာတွေမှာ တာဝန်ထမ်းဆောင်တဲ့ အမျိုးသမီးဦးရေ အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်၊ တောင်အာဖရိကနဲ့ ထိုင်းနိုင်ငံတွေက ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ စစ်တမ်းတခုမှာ ဖော်ပြပါတယ်။

ယူကေအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ စာရင်းကိုင်ကုမ္ပဏီ Grant Thornton က ထုတ်ပြန်တဲ့ စစ်တမ်းအရ ခုလိုဖော်ပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း အင်တာဗျူးတွေကတဆင့် နိုင်ငံပေါင်း ၂၈ နိုင်ငံက အလတ်စားကုမ္ပဏီ ၄,၈၉၁ ခု ကနေ ကောက်ယူရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေပေါ်မှာ အခြေခံထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ကုမ္ပဏီတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဝန်ထမ်းဦးရေ ၅၀ ကနေ ၂,၅၀၀ အထိ ရှိနေပြီး စစ်တမ်းကို အာရှ၊ ဥရောပနဲ့ အမေရိကဒေသတွေအထိ လွှမ်းခြုံထားပြီး အမှုဆောင်အရာရှိချုပ် (စီအီးအို) ရာထူးအဆင့်၊ ဘုတ်အဖွဲ့ဝင်နဲ့ ဘဏ္ဍာရေးဌာန အကြီးအကဲအထိ ထိပ်တန်းအမှုဆောင်ရာထူးတွေကို သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

စစ်တမ်းအရ ဖိလစ်ပိုင်နိုင်ငံက ထိပ်တန်း အကြီးတန်းစီမံခန့်ခွဲမှုဆိုင်ရာ ရာထူးတွေမှာ အမျိုးသမီးဦးရေ ၄၃ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ တောင်အာဖရိကနိုင်ငံက ၄၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၄၁ ရာခိုင်နှုန်းစီ အသီးသီးနဲ့ ရပ်တည်နေတာပါ။

Grant Thornton က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ဖိလစ်ပိုင်နိုင်ငံဟာ အရင်နှစ်တွေကလည်း ထိပ်ပိုင်းမှာ ရှိနေပြီး ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ အဆင့် ၁ နေရာ၊ ၂၀၂၂ ခုနှစ်မှာ အဆင့် ၄ နေရာနဲ့ ၂၀၂၃ ခုနှစ်မှာ အဆင့် ၂ နေရာတွေမှာ အသီးသီး ရှိနေတယ်လို့ ဆိုပါတယ်။

အခုနှစ်ရဲ့  လုပ်ငန်းခွင်တွေထဲက အကြီးတန်းစီမံခန့်ခွဲမှုဆိုင်ရာ ထိပ်တန်းရာထူးနေရာတွေမှာ အမျိုးသမီးဦးရေ အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်၊ တောင်အာဖရိကနဲ့ ထိုင်းနိုင်ငံတွေပြီးရင် တူရကီ၊ နိုင်ဂျီးရီးယား၊ စပိန်၊ မလေးရှား၊ ဩစတြေးလျ၊ ပြင်သစ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013