မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ရွှေစက်တော်ဘုရားဖူးကား တိမ်းမှောက်ပြီး အမျိုးသား ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ခေမာလူမှုကယ်ဆယ်ရေးအသင်း-မကွေးထံက သိရပါတယ်။
မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ ရွှေစက်တော်ဘုရားဖူးပြီး ပြန်လာတဲ့ လိုက်ထရပ်ကားဟာ မတ် ၁၇ ရက် ညနေ ၅ နာရီခွဲလောက်က စလစ်ဖြစ်ပြီး တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၁၃ ဦးထဲက အမျိုးသား ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ခေမာလူမှုကယ်ဆယ်ရေးအသင်း-မကွေး တာဝန်ရှိသူတဦးက “သူတို့က ကုမ္ပဏီတခုက ဝန်ထမ်းတွေ၊ ယောကျ်ားလေးကားတစီး မိန်းကလေးကားတစီး ဘုရားဖူးလာတာ။ ဘုရားဖူးသွားတဲ့ ယောက်ျားလေးတွေဆိုတော့ အရက်တွေသောက်ပြီး မူးနေတာပေါ့။ သူတို့ကားက ခဲလုံးလေးကိုကြိတ်ပြီး စလစ်ဖြစ်ပြီး မှောက်သွားတာလို့ ကနဦး သိထားရတယ်။ ၁၁ ယောက် ဒဏ်ရာရတယ်ဆိုပေမဲ့ ဒဏ်ရာအခြေအနေ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အမျိုးသား ၁၁ ဦးကို ခေမာလူမှုကူကယ်ရေးအသင်း-မကွေးက မင်းဘူးပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။