Home
မြန်မာသတင်း
လွိုင်ကော်မြို့တွင် မီးလောင်ဗုံးကြောင့် နေအိမ်များ ပျက်စီး၊ ဖောက်ထွင်းခံရမှု ပိုများလာ
DVB
·
March 18, 2024
Kndf_22022023

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တော်မှာ စစ်ကောင်စီတပ်ရဲ့ မီးလောင်ဗုံးနဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် အရပ်သား နေအိမ်တွေ မီးလောင်ပျက်စီးတာနဲ့ဖောက်ထွင်းခံတာတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့တော်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတာ ၁၁၁၁ စစ်ဆင်ရေး စတင်ချိန်ကတည်းက အခုချိန်အထိ လေးလကျော် ရှိလာပါပြီ။ လက်ရှိအချိန်အထိလည်း မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မြို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြကာ ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။

လွိုင်ကော်မြို့ထဲမှာလည်း စစ်ကောင်စီက လေကြောင်းအပြင် ဒရုန်းနဲ့ပါ မီးလောင်ဗုံးတွေ လိုက်ကြဲချနေလို့ မီးလောင်ပျက်စီးရတဲ့ အိမ်တွေအများအပြား ရှိနေပါတယ်။ တိုက်ပွဲတွေ ကြားထဲမှာပဲ လွိုင်ကော်မြို့က နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး ခိုးယူမှုတွေလည်း များပြားလာပါတယ်။

အုပ်စုဖွဲ့ ခိုးယူသူတွေပါ ရှိလာပြီး စစ်ကောင်စီတပ်က သူတို့ကို အကာအကွယ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယော်က “ကုန်စုံဆိုင်အကြီးတွေကို အကုန်လုံး သူတို့လိုက်ဖောက်တာပေါ့။ သူတို့အချင်းချင်းပဲ ကျနော်တို့ကို ပြန်ပြောပြတာ။ သူတို့ဖောက်နေတဲ့ဟာတွေ ပြီးရင်သူတို့ကို နှုတ်ပိတ်ခ မုန့်ဖိုးဆိုပြီး လာလာပေးနေတဲ့ဟာတွေ။ တော်တော်များတယ် သိန်းပေါင်းမနည်းဘူး။ သူတို့ ထုတ်ရောင်းနေတဲ့ဟာတွေပေါ့။ သူတို့ဖောက်၊ ဖောက်ပြီးရင် ကျန်တာတွေ မင်းတို့ ယူနိုင်သလောက် ယူပြန် ကျန်တာထားခဲ့ပေါ့။ ရဲစခန်းမှာရော ဒကစမှာရော ခိုးရာပါပစ္စည်းတွေ ရှိတယ်။ တဖြည်းဖြည်းနဲ့ သူတို့ သယ်ထုတ်တယ်။ ပြည်သူတွေ ကားတွေကို ချောဆွဲတယ်”လို့ ပြောပါတယ်။

လွိုင်ကော်ရဲစခန်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တို့မှာ ခိုးရာပါပစ္စည်း အများအပြား ရှိနေပြီး စစ်ကောင်စီတပ်နဲ့  ဖောက်ထွင်းခိုးယူသူတွေ ပူးပေါင်းသယ်ထုတ်နေသလို ကိုယ့်အိမ်ကိုယ် ပြန်ကြည့်တဲ့သူတွေကိုလည်း ဖမ်းထားကာ ပိုက်ဆံပေးပြီး ရွေးရတယ်လို့ ဒေသခံက ပြောပါတယ်။ 

မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး မြို့စီမံထိန်းသိမ်းရေး ကော်မတီတွေဖွဲ့ကာ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ KNDFဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

မြို့တွင်းနေအိမ်တွေ ဖောက်ထွင်းခံရတာဟာ လွိုင်ကော်တင်မဟုတ်ဘဲ စစ်ကောင်စီတပ်တွေ အရင်က ဒီးမော့ဆိုမြို့ကို ထိန်းချုပ်တုန်းကလည်း အလားတူ  ဖြစ်နေတာလို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

“မြို့တွင်းမှာ ဖောက်ထွင်းခံရတာ သူခိုးရန်တွေက အခု လွိုင်ကော်မှ ဖြစ်တာမဟုတ်ဘူး။ စစ်ကောင်စီ အရင်က ဒီးမော့ဆိုကို ထိန်းချုပ်တုန်းကလည်း ဖြစ်တယ်။ အဲဒီမှာသိရတာဆို သူတို့တပ်တွင်း မိသားစုတွေကိုယ်တိုင်က အိမ်တွေကို ကားကြီး ကားငယ်တွေ နဲ့ လာပြီးတော့မှ ဖောက်ထွင်းပြီးမှ ယူသွားတာပေါ့။ ကျနော်တို့ ထိန်းချုပ်ထားတဲ့နေရာတွေမှာ မြို့စီမံထိန်းသိမ်းရေးကော်မတီနဲ့ ထားပြီးတော့မှ ပစ္စည်းတွေမပျောက်အောင် ထိန်းသိမ်းတာတွေ၊  ယူထုတ်သွားရင်လည်း ဘယ်သူ ထုတ်သွားတာလဲ၊ ဘယ်အတွက် သုံးတာ၊ အများအတွက် သုံးတာတွေကို ပိုပြီးစီမံဆောင်ရွက်တာတွေကို မြို့စီမံရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။”

ကရင်နီပြည်နယ်မှာ ၂၀၂၄ ခုနှစ်ဆန်းပိုင်းကတည်းက မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာပြီး ရှားတောမြို့ကို ဖေဖော်ဝါရီလထဲမှာ ကရင်နီတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်သလို ဖားဆောင်းမြို့မှာလည်း တိုက်ပွဲတွေ ရှိနေပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်နီ လူဦးရေ လေးသိန်းနီးပါး ရှိတဲ့အထဲမှာ သုံးသိန်းကျော်လောက်က နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရပါတယ်။ 

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013