Home
မြန်မာသတင်း
မြန်မာမြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနိုင်
DVB
·
March 18, 2024
WeatherNUGMarch24_18032024

လာမယ့်ရက်သတ္တပတ်ထဲ ရာသီအကူးအပြောင်း ကာလဖြစ်တာကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနဲ့ တောင်ပိုင်းစွန်းဒေသတွေမှာ မွန်းလွဲ/ညနေပိုင်းတွေ မိုးတိမ်တောင်ငယ်တွေ စတင်ဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ခြေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မတ် ၁၈ ရက် ဒီကနေ့ကနေ လာမယ့် ၂၄ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ အခုတပတ်မှာ အသွင်ကူးပြောင်းကာလ ပီပြင်လာပြီ ဖြစ်တာကြောင့် တပြည်လုံးမှာ နေ့အပူချိန်တွေ စတင်မြင့်တက်လာမှုကို ခံစားရလာနိုင်ပေမယ့် ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့တွေအတွင်းမှာတော့ နွေမုတ်သုံ ဝင်ရောက် နေရာယူနိုင်စေမယ့် ရှေ့ပြေးဖြစ်ရပ် စတင်တဲ့အနေနဲ့ အီကွေတာနဲ့အနီးတဝိုက်က ရေငွေ့ပါတဲ့ လေတွေ မြန်မာနိုင်ငံပေါ် တိုးဝင်လာနိုင်တာကြောင့် မိုးတိမ်တောင်တွေဖြစ်ထွန်းပြီး နေ့အပူချိန်တွေ ပြန်ကျလာနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသအနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အချိန်ခါမဟုတ် မိုးထစ်ချုန်းရွာစေနိုင်ပြီး ဆောင်းလက်ကျန်အဖြစ် မနက်ပိုင်းမှာ မြူထူတွေလည်း ကျဆင်းနိုင်တယ်လို့ သတိပေးထားပါတယ်။

မတ် ၁၉ ရက် မနက်ဖြန်အထိ ခန့်မှန်းချက်မှာတော့ မြန်မာတပြည်လုံး နေ့အပူချိန်တွေ တဖြည်းဖြည်း ဆက်လက်မြင့်တက်လာနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာတော့ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

မနက်ပိုင်းမှာတော့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ မြူထူတွေ ကျဆင်းနိုင်တယ်လို့ သတိပေးထားပါတယ်။

မိုးအခြေအနေကတော့ တပြည်လုံးမှာ သာယာနိုင်ပြီး ပင်လယ်ပြင်အခြေအနေကတော့ ရခိုင်ကမ်းရိုးတန်းဘက်မှာ မြောက်ဘက်က လေဟာ တနာရီကို ၅ မိုင်ကနေ ၁၀ မိုင်လောက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအနည်းငယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့ တောင်-အနောက် တောင်ဘက်က လေဟာ တနာရီကို ၁၀ မိုင်ကနေ ၁၅ မိုင်လောက်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013