Home
မြန်မာသတင်း
မြောက်ဦးကို ဗုံးကြဲသဖြင့် လူ ၂ ဦးသေ၊ ကလေးမြို့တွင် လက်နက်ကြီးကြောင့် အိမ်မီးလောင်
DVB
·
March 17, 2024
Kalay Hto Ma Village Fire_17032024
Myauk U Bullet_17032024

ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့ကို ဒီနေ့ မတ် ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာမှာလည်း လက်နက်ကြီးကျလို့ အိမ် ၃ လုံး မီးလောင်သွားပါတယ်။

မနက် ၆ နာရီကျော်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ မြောက်ဦး မြို့တွင်းရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရပြီး လူနေအိမ် အများအပြားလည်း ပျက်စီးသွားခဲ့တယ်လို့ မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ မြို့တွင်း နေရာ ၄ ခုထက်မနည်းကို ဂျက်တိုက်လေယာဉ်နဲ့ လာပြီး ဗုံးကြဲသွားတာကြောင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးသွားပြီးတော့ အမျိုးသားတဦးလည်း ဆေးကုသဖို့ ပို့ဆောင်တုန်း သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူ ၁၀ ယောက်ကျော်ကိုလည်း အရေးပေါ် ဆေးကုသမှု ခံနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးနဲ့ အမျိုးသမီးတချို့လည်း ပါဝင်ပြီး မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောက်ရာဇ်ကေရပ်ကွက်၊ ကုန်သည်တန်းရပ်ကွက်နဲ့ မြို့ပေါ်နေရာတချို့မှာ ဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ဦးမြို့ကို ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းပိုက်ထားတာဖြစ်ပြီး စစ်​ကောင်စီက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေတာပါ။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲမြို့တို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့က စစ်ကောင်စီ တပ်စခန်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက ထိုမာရွာမှာ မတ် ၁၆ ရက် မနေ့ ညနေ ၄ နာရီခွဲလောက်က စစ်တပ် လက်နက်ကြီး ကျရောက်‌ပေါက်ကွဲခဲ့တာ‌ကြောင့် လူနေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထိုမာရွာခံတွေက ပြောပါတယ်။

ကလေးမြို့တွင်း အမြောက်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ထိုမာရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ ကျေးရွာတောင်ပိုင်းက လူနေအိမ် ၃ လုံး မီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးလောင်ခဲ့တဲ့ နေအိမ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက် ငြှိမ်းသတ်ပေးခဲ့တယ်လို့ ထိုမာရွာသားတယောက်က ပြောပါတယ်။

အဲဒီထိုမာရွာမှာ နေအိမ် ၃,၀၀၀ ကျော်နဲ့ လူဦးရေ ၁ သောင်းကျော် နေထိုင်တယ်လို့ သိရပြီး ကလေးမြို့နဲ့ ၁၅ မိုင်သာ ကွာဝေးပါတယ်။

မတ် ၉ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအပြီးမှာလည်း စစ်ကောင်စီက ထိုမာရွာက နေအိမ် ၁၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ထိုမာရွာက ဒေသခံတွေကတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျေးရွာတွင်းကို စစ်ကြောင်းဝင်ချိန်က စတင်ပြီး ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013