Home
မြန်မာသတင်း
ပုသိမ်တွင် ရွှေဆိုင်များ ရောင်းအားကျ၊ ဝန်ထမ်းများ အခက်ကြုံ
DVB
·
March 17, 2024
Pathein Goldsmith 1_17032024
Pathein Goldsmith 2_17032024
Pathein Goldsmith 3_17032024

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်က ရွှေအရောင်းဆိုင်တွေမှာ ရွှေရောင်းအားတွေ သိသိသာသာ ကျဆင်းနေတာကြောင့် ရွှေအရောင်းဆိုင်တွေကို မှီခိုနေရတဲ့သူတွေ အခက်အခဲကြုံနေရတယ်လို့ ပုသိမ်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့လို့ ဖြစ်ပေါ်လာတဲ့ ရွှေဈေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး ကျဆင်းလာမှုတွေ‌၊ ဒေါ်လာဈေး မတည်ငြိမ်မှုတွေ၊ ဓားပြ၊ လုယက်ခံရမှု များလာတာကြောင့် ဖြစ်တယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေဆိုင်ရှင်တယောက်က “အရင်က အရမ်းရောင်းရတာပါ။ စားကောင်းတဲ့ မုန့်ဟင်းခါးဆိုင်လိုပဲ။ မပြတ်သွားဘူး။ ငွေအားဖြင့်လည်း သိန်းသောင်းချီရောင်းချရတာ။ စစ်တပ် အာဏာသိမ်းပြီးနောက် တော်တော်ရောင်းအား ကျဆင်းသွားတယ်။ တနှစ်နဲ့ တနှစ် ပိုဆိုးလာတယ်။ ပြီးခဲ့တဲ့နှစ်က ရောင်းမကောင်းလို့ အခုနှစ် အလုပ်ဖြစ်မလား မှတ်တယ်၊ ၃ လပိုင်းအထိ ရောက်လာပြီ၊ ငုတ်တုတ်မေ့နေတယ်။ အရင်းက သိန်း သောင်းချီရောင်းရတဲ့ ဆိုင်က အခု သိန်းရာချီတောင် မရောင်းရဘူး။ အစ်မတို့လုပ်ငန်းက ၁ ဦးကောင်း ၁ ယောက်ကောင်းနဲ့ လည်ပတ်တဲ့အလုပ် မဟုတ်ဘူး။ ရွှေအချောထည် ပန်းထိမ်ပညာရှင်တွေ၊ အကြမ်းထည် ပညာရှင်တွေ အရောင်းဝန်ထမ်းတွေရှိတယ်လေ။ အခုတော့ ကိုယ် အဆင်မပြေဖြစ်တော့ ကိုယ့်ကို မှီခိုနေတဲ့သူတွေလည်း အခက်အခဲ အကျပ်အတည်းတွေ ဖြစ်လာတာလေ” လို့ ပြောပါတယ်။

ပုသိမ်မြို့က ရွှေဆိုင်တွေဟာ ဖွင့်ထားပေမယ့်လည်း အရောင်းအဝယ်မရှိသလောက် ဖြစ်လာတာကြောင့် ရွှေဆိုင်တချို့က ရွှေအရောင်းဝန်ထမ်း မထားတော့တာ၊ မိသားစုပဲ ရောင်းတော့တာ၊ တချို့ဆိုင်တွေက ဝန်ထမ်းလျှော့ချတာတွေ လုပ်လာပြီး ရွှေဆိုင်တွေကို မှီခိုနေသူတွေ အခက်အခဲရှိလာတယ်လို့ ရွှေဆိုင်အရောင်း ဝန်ထမ်းတယောက်က ပြောပါတယ်။

“ရွှေဆိုင်တွေက အရောင်းအဝယ်မရှိတော့ ကိုယ်တွေလည်း ခက်ခဲတာပေါ့။ အစ်မက ဝန်ထမ်း လျှော့ချခံရတဲ့အထဲ ပါသွားတာ။ အရင်က အဲက ရတဲ့လစာလေးနဲ့ မိသားစု စားဝတ်နေရေးကိစ္စတွေကို ဖြေရှင်းရတာလေ။ အခုကျတော့ အလုပ်ပြုတ်တာ ၅ လ ကျော်ကျော်လောက် ရှိနေပြီ။ အလုပ်သစ်ကလည်း ရှာမရသေးဘူး။ ပြန်အဆင်ပြေချင်တယ်။ အရင်လို အရောင်းအဝယ်တွေ လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ အရင်အတိုင်း ပုံမှန် အခြေအနေ ရောက်ပြီး အဆင်ပြေချင်တယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့က ရွှေဆိုင်တွေအများစုဟာ အခုလို မတ်လ စပါးတွေပေါ် ပဲတွေပေါ်တဲ့အချိန်မှာ အရောင်းအဝယ်ကောင်းလေ့ရှိပေမယ့် အခုတော့ အရောင်းအဝယ်မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာ သိမ်းခဲ့တာကြောင့် အလုပ်အကိုင် ရှားပါးလာကာ စီးပွားရေးတွေ ကျဆင်း ကျပ်တည်းလာပြီး လုယက်၊ သတ်ဖြတ် ဓားပြတိုက်တာတွေ ဖြစ်ပွားနေလို့ စိတ်အေးလက်အေး ဆိုင်ဖွင့်မရောင်းရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ရွှေဆိုင် လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013