ဂါဇာကမ်းမြောင် အလယ်ပိုင်းက ဒီးအယ်လ် ဘာလာလ်မြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ကလေးငယ်တွေ အပါအဝင် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဂါဇာမြို့မှာလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အသက်ရှင်ကျန်ရစ်သူတွေကို အပျက်အစီးတွေ အောက်ကနေ ဆွဲထုတ်နေတဲ့ ကယ်ဆယ်ရေးလုပ်သားတွေရဲ့ ရုပ်သံကို ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က မတ် ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက လူအများအပြားကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် မနေ့ညက လာဘာဘီဒီလမ်းဆုံနားမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအပြီး အပျက်အစီးတွေအောက်မှာ ကျန်ရှိနေတဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်သေးဘူးလို့ ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးဌာနက သူတို့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
အစ္စရေးရဲ့ မြေပြင်နဲ့ လေကြောင်း စစ်ဆင်ရေးတွေကြောင့် လူပေါင်း ၃၁,၅၅၃ ဦး သေဆုံး၊ ၇၃,၅၄၆ ဦး ဒဏ်ရာရခဲ့ပြီး သေဆုံး ဒဏ်ရာရသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလို့ ဟားမတ်စ်တွေ ကြီးမှူးတဲ့ ဂါဇာက ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရေးပါတဲ့ ဟားမတ်စ် တပ်မှူးတယောက် သေဆုံးခဲ့ပုံရတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟားမတ်စ်တွေရဲ့ နောက်ဆုံးအမာခံ နယ်မြေဖြစ်ပြီး အခု လူပေါင်း ၁ သန်းကျော်နေထိုင်ရာ ဂါဇာရဲ့ တောင်ဘက်စွန်းက ရာဖာမြို့ကို စစ်ရေးအရ ချေမှုန်းဖို့ အစီအစဉ်တွေကို အတည်ပြုခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို တနင်္ဂနွေနေ့အစောပိုင်းမှာ ပြန်စနိုင်ပြီး အစ္စရေးထောက်လှမ်းရေး မော့ဆက်ရဲ့ သူလျှိုအကြီးအကဲ ဦးဆောင်တဲ့ အစ္စရေးကိုယ်စားလှယ် အဖွဲ့က စစ်ပွဲအဆုံးသတ်ရေး သုံးဆင့်အစီအစဉ်အတွက် ဟားမတ်ရဲ့ အဆိုပြုချက်ကို ဒိုဟာမြို့မှာ ဆွေးနွေးမယ် လို့ မျှော်လင့်ရပါတယ်။
အစ္စရေး စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ဂါဇာကမ်းမြောင်ဒေသကစစ်ပွဲကို အနည်းဆုံးအနေနဲ့ ယာယီရပ်တန့် သွားစေဖို့ အပြင်းအထန် အသစ်တဖန် အားထုတ်နေပြီး ကာတာနိုင်ငံဆီ တနင်္ဂနွေ နေ့မှာ ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။
ဟားမတ်စ်တို့က အဓိက အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်တွေကို စွန့်လွှတ်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေး အိပ်မက်တွေ နီးစပ်လာပြီး တနင်္လာနေ့မှာ ကာတာနိုင်ငံဆီ ရောက်လာ တော့မယ်လို့ မျှော်လင့်ရပါတယ်။
Source/Photo-Reuters