ရုရှား သမ္မတရွေးကောက်ပွဲကို တတိယနဲ့ နောက်ဆုံးနေ့အဖြစ် မတ် ၁၇ ရက်မှာ ဆက်လက် ကျင်းပနေပြီး သမ္မတဗလာဒီမာပူတင်ပဲ နောက်ထပ် ၆ နှစ် သက်တမ်းထပ်နိုင်ဖို့ သေချာနေတဲ့ ရွေးကောက်ပွဲကိုဖျက်ဆီးဖို့ ယူကရိန်းနိုင်ငံက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ရုရှားဘက်က စွပ်စွဲထားပါတယ်။
ပထမ ၂ ရက်မှာတင် မဲဆန္ဒရှင်ထက်ဝက်ကျော်လောက် မဲပေးခဲ့ကြပြီး ဖြစ်တယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးနေ့မှာ အတိုက်အခံတွေရဲ့ လှုပ်ရှားမှု ဘယ်လောက် ခရီးရောက်မလဲ ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။
နောက်ဆုံးနေ့ မွန်းတည့်ချိန်တိတိ မဲရုံမှာ လူစုလူဝေးလုပ်ပြီး ပူတင်ကို ဆန့်ကျင်မဲပေးဖို့၊ ဒါမှမဟုတ် ပယ်မဲဖြစ်အောင်လုပ်ဖို့ အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်နီရဲ့ ဇနီးက တောင်းဆိုထားတာ ရှိပါတယ်။
ရှေ့ရက်တွေမှာလည်း ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအချို့ရှိခဲ့ပြီး မဲပုံးထဲ အနာကျက်ဆေးရည်ပုလင်း သွန်ထည့်တာလိုမျိုး ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ယူကရိန်းက ရုရှားနိုင်ငံထဲနဲ့ ရုရှားသိမ်းထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပြီး ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ်လို့ ပူတင်က စွပ်စွဲထားပြီး အဲဒီအတွက် ယူကရိန်းကို အပြစ်ပေးမယ်လို့လည်း ကြွေးကြော်ထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကတော့ ယူကရိန်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ရုရှား နယ်မြေတွေမှာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ မတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Source/Photo-REUTERS/Chingis Kondarov