စစ်ကိုင်းတိုင်း၊ ကျွန်းလှမြိုနယ်၊ အိမ်ခြေကျေးရွာအုပ်စု၊ ရွာကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က မတ် ၁၅ ရက် နေ့ညနေပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်ခဲ့ပြီး ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မကျီးစမ်းရွာမှာ နေအိမ်တွေမီးရှို့နေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
မတ် ၁၅ ရက် ညနေ ၄ နာရီခွဲလောက်မှာ မန္တလေး၊ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ လေယာဉ်က ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကနဦး ကင်းထောက်ဒရုန်းယာဉ်နဲ့ ပတ်ကြည့်တယ်။ အဲလို ကင်းပတ်ကြည့်ပြီး လေယာဉ်ရောက်လာပြီး ရွာရဲ့အပြင်ဘက်ကို ဗုံး ၂ လုံးလောက် ကြဲချပြီး ရွာထဲကို စက်လတ်နဲ့ ပစ်တော့တာပဲဗျ။ ရွာထဲက အိမ်အမိုးတွေပေါက်ပျက်ပြီး ဈေးဆိုင်လည်း ပျက်စီးတယ်။ အဲဒီဈေးဆိုင်က အမျိုးသမီးတဦးလည်း ခြေဖမိုးပြတ်ရှဒဏ်ရာရရှိခဲ့တယ်။ ရွာသားတွေကတော့ အခုအချိန်အထိ ကြောက်လန့်နေကြတယ်။ ရွာသားတယောက်အနေနဲ့ ဘာပြောချင်လဲဆိုတော့ စစ်ကောင်စီအနေနဲ့ အခုလို တိုက်ပွဲမဖြစ်တဲ့နေရာကို ရမ်းသန်း မပစ်စေချင်ပါဘူး။ အခုလိုပစ်တော့ အပြစ်မဲ့ အရပ်သား တွေပဲ ထိခိုက်ရတာပါ” လို့ ပြောပါတယ်။
ရွာကုန်းကြီး ကျေးရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ သစ်ပုတ်အုပ်စု၊ မကျီးစမ်းရွာမှာတော့ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီကျော်က နေအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၁ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဆီကနေ သိရပါတယ်။
စနိုက်ပါနဲ့ ပစ်ခတ်လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ တော်လှန်ရေးတပ်တခုရဲ့ ရှေ့တန်းရောက် တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဗိုလ်ရုံတောင်ကြောတန်းပေါ်ကိုရောက်ချိန်မှာ ပဒေသာမိုင်း ၂ ကြိမ်ခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်တပ်ဘက်က ၂ ယောက်သေပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ မတ် ၁၅ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ နတ်ရေတွင်းရွာသို့ဝင်ရောက်ပြီး နေအိမ်တချို့ကို မီးထပ်ရှို့ခဲ့တယ်လို့လည်း သိရပါတယ်။