၂၀၁၉ ခုနှစ်တုန်းက ဒီမိုကရေစီရေးဆန္ဒပြပွဲတွေအတွင်းမှာ ဟောင်ကောင်မြို့တော် ဥပဒေပြု ကောင်စီအဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့မှုနဲ့ လူ ၁၂ ဦးကို ထောင်ဒဏ် ၄ နှစ်ကျော်ကနေ ၇ နှစ်အထိ တရားရုံးက မတ် ၁၆ ရက်မှာ ချမှတ်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ်က ပေကျင်းက တီယန်နန်မင်ရင်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲ နောက်ပိုင်းမှာ ၂၀၁၉ ဟောင်ကောင် ဆန္ဒပြပွဲဟာ အားအကောင်းဆုံးနဲ့ အထင်ရှားဆုံးဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဟောင်ကောင်ဥပဒေပြုကောင်စီ အဆောက်အအုံ ကို ဝင်စီးခဲ့ပြီး ပြတင်းပေါက်မှန်တွေ ဖျက်ဆီးခဲ့သလို အဆောက်အအုံတွင်းကနေ တိုက်ရိုက်လွှင့်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
ဟောင်ကောင်သားတွေကို တရားစီရင်ဖို့ ပြည်မကြီးကို လွှဲပြောင်းခွင့်ပေးတဲ့ ဥပဒေကြမ်းကို လူထုက မကျေနပ်ရာကနေ ဆန္ဒပြပွဲတွေဖြစ်ခဲ့တာပါ။
မှန်ခန်းထဲကနေ ခေါ်ဆောင်သွားခံရတဲ့ ထောင်ဒဏ်ကျခံရသူတွေကို ဆွေမျိုးတွေနဲ့ ထောက်ခံသူ တွေက ဂရုစိုက်ကြဖို့၊ တောင့်ထားဖို့ အော်ဟစ်အားပေးခဲ့ကြပါတယ်။
ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံရတဲ့ နိုင်ငံရေးလှုပ်ရှားသူ အိုဝင်ချောင်က “ တရားရုံးက ကျနော်ကို့ ဘာပြစ်ဒဏ်ချမှတ်တာပဲဖြစ်ဖြစ်၊ ရှေ့ဆက်သွားပါမယ်။ အကြောက်တရားကို အပြောင်းအလဲ အတွက် အင်အားဖြစ် အသုံးချသွားမယ်” လို့ စီရင်ချက် မချမီမှာ ပြောကြားခဲ့ပါတယ်။
ဗြိတိန်က ၉၉ နှစ် ငှားရမ်းခဲ့တဲ့ ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်မှာ တရုတ်ပြည်မကြီးကို ပြန်လွှဲ ပေးခဲ့ပါတယ်။
တနိုင်ငံစနစ်နှစ်မျိုးမူအရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသဟာ အတိုင်းအတာ တခုအထိ လွတ်လပ်မှုရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးအရ လွတ်လပ်ခွင့် သိသိသာသာ ကျဆင်းလာ ခဲ့ပါတယ်။
Source/Photo - Reuters