ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စုထဲက နမ့်ဟူးရွာခံ ၂၀၀ ကျော်ဟာ တိုက်ပွဲကြောင့် တောင်ကြီးမြို့ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပေမယ့် နေစရာနဲ့ စားသောက်စရာတွေ မရှိတဲ့အတွက် အခက်အခဲကြုံတွေ့နေရပါတယ်။
မဲနယ်တောင်ခြေနားက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ နမ့်ဟူးရွာဟာ မတ် ၁၂ ရက်နေ့မှာ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရလို့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပြီး မီးရှို့တဲ့ကိစ္စကို နှစ်ဖက်တပ်တွေ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
မဲနယ်တောင် ဒေသခံတယောက်က “တချို့က ပြီးခဲ့တဲ့လကတည်းက ဆွေမျိုးတွေရှိတဲ့ နေရာကို သွားကြတာ။ အခု ကျန်ခဲ့တဲ့လူတွေကျတော့ တခြားရပ်ရွာမှာ မိတ်ဆွေလည်း မရှိ၊ ဆွေမျိုးလည်းမရှိလို့ အိမ်မှာနေကြတာ။ အခုဆို အိမ်လည်းမရှိ၊ ရွာလည်း မရှိတော့ဘူး။ ပြီးတော့ ရွာသားတွေက အများကြီး၊ ဘယ်မှာသွားနေကြရမှာလဲမသိဘူး။ အဖိုးအဖွားတွေလည်းအများကြီး၊ ဘာသာစကားလည်းမတတ်၊ လွယ်အိတ်လေးတလုံးနဲ့ စစ်ရှောင်လာရတာ” လို့ ပြောပါတယ်။
နမ့်ဟူးရွာစစ်ရှောင်တွေဟာ ဟိုပုံးနဲ့ တောင်ကြီးမြို့နယ်တို့က ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတချို့မှာ ရောက်ရှိနေကြပြီး နေထိုင်ရေးအခက်အခဲနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီမှုတွေမရှိလို့ အခက်အခဲတွေ ကြုံနေကြပါတယ်။
အခုရက်ပိုင်းမှာတော့ ဒေသခံအိမ်တွေက စားသောက်စရာတွေ ဝေမျှပေးပြီး အဲဒါကို စုပေါင်းချက်စားကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ဘာမှမသယ်လာနိုင်ကြတဲ့အတွက် အိပ်ဖို့ခက်ခဲကြပြီး အထူးသဖြင့် ဘုန်းကြီးကျောင်းတွေမှာ တည်းခိုကြရတဲ့သူတွေအတွက် အကူအညီပိုလိုအပ်တယ်လို့ သိရပါတယ်။
ဟိုပုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စစ်ကောင်စီတပ်နဲ့ PNLA တပ်သားတွေ တိုက်ပွဲဖြစ်ပွားတာ၊ နှစ်ဖက်တပ်သားတွေ ကျေးရွာထဲဝင်ရောက် တပ်စွဲတာတွေကြောင့် ခိုခြဲး၊ ဘန်းစောက်၊ စငေါ၊ စံဖူး၊ ကျောက္ကဆျား၊ ဒုံလိကောင် ပင်လျမ်၊ ယုတ်ပေ၊ နမ့်ဟူး၊ လွယ်ဝိုး စတဲ့ကျေးရွာနေပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။