ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေက ဖြစ်ထွန်းလာတဲ့ အမြတ်အစွန်းတွေနဲ့ ယူကရိန်း လက်နက် ဝယ်ယူမှုအတွက် ထောက်ပံ့ပေးမယ်လို့ ဂျာမနီအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က ပြောပါတယ်။
ဘာလင်မြို့မှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်တို့နဲ့ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှိူးဇ်က အခုလိုပြောသွားတာပါ။
ရုရှားကျူးကျော်စစ် ၂ နှစ်တာအတွင်း အပြင်းထန်ဆုံးတိုက်ပွဲတွေနဲ့ တကျော့ပြန်ရင်ဆိုင်နေရတဲ့ ယူကရိန်းဟာ လက်နက်ခဲယမ်းပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ကတိအတိုင်း ယူကရိန်းကို လက်နက် အကူအညီတွေ ထပ်ပေးနိုင်ဖို့ရာ လွှတ်တော် သဘောတူညီချက်မရနိုင်ဖြစ်နေတဲ့အတွက် ဥရောပရဲ့ အကူအညီက ပိုအရေးပါလာပါတယ်။
ခေါင်းဆောင်သုံးဦးတွေ့ဆုံမှုမှာ ယူကရိန်းအတွက် ကမ္ဘာ့စျေးကွက်က လက်နက်တွေ ပိုဝယ်ပေးဖို့၊ ယူကရိန်းနိုင်ငံတွင်းက လက်နက်ကုမ္ပဏီတွေနဲ့ပါ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်ရေး အရှိန်မြှင့်ဖို့ သဘောတူခဲ့တယ်လို့ ဂျာမနီအဓိပတိက ဆိုပါတယ်။
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံ ၅၀ ဝန်းကျင်ပါဝင်တဲ့ ယူကရိန်းကို စစ်ရေးထောက်ပံ့ပေးနေတဲ့ Ukraine Defence Contact group ရဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ရှေ့တပတ် ဂျာမနီမှာရှိတဲ့ အမေရိကန်လေတပ်စခန်းမှာ တွေ့ဆုံဆွေးနွေးကြမှာပါ။
Source/Photo - Reuters