လက်ရှိသမ္မတ ဗလာဒီမာပူတင်ပဲ ထပ်နိုင်ဖို့ သေချာနေတဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ပထမနေ့မှာ မဲရုံ တချို့မှာ ဖျက်လိုဖျက်ဆီးလုပ်သူတွေကို ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
မတ် ၁၅ ရက်က ၁၇ ရက်အထိ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ၁၉၉၉ ခုနှစ်ကတည်းက တိုင်းပြည်မှာ သမ္မတအဖြစ် ၄ ကြိမ်၊ ဝန်ကြီးချုပ်အဖြစ် တကြိမ် တာဝန်ယူအုပ်ချုပ်လာတဲ့ ပူတင်ပဲ နောက်ထက် ၆ နှစ်သက်တမ်းထပ်နိုင်သွားမယ်လို့ မီဒီယာတွေက ဖော်ပြနေပါတယ်။
ဒီရွေးကောက်ပွဲကို ဆန့်ကျင်သူ တချို့ကတော့ မဲပုံးထဲ အနာထည့် ဆေးရည်အစိမ်းတွေ လောင်းထဲ ဖျက်ဆီးတာ၊ မဲပုံးကို မီးရှို့တာ၊ မဲရုံထဲ မီးရှူးမီးပန်းတွေ ပစ်ထည့်တာတွေ ရှိခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်တဲ့သူ ၈ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ရုရှားနိုင်ငံဟာ ရှည်လျားကျယ်ပြန့်တာကြောင့် အချိန်ဇုန် ၁၁ ခုတောင်ရှိတဲ့အတွက် မဲပေးချိန်တွေ မတူညီကြပါဘူး။
ပုံမှန် ၃ ရက်ပဲ ကျင်းပတာဖြစ်ပေမဲ့ ယူကရိန်းနိုင်ငံထဲက ရုရှားသိမ်းပိုက်ထား တဲ့ ဒေသ ၄ ခု မှာတော့ ကြိုတင်မဲကောက်ခံခဲ့ပါတယ်။
စစ်တပ်အစောင့်အကြပ်နဲ့ အိမ်တိုင်ရာရောက်မဲလိုက်ကောက်ပြီး အတင်းအကျပ်ပုံစံမျိုး မဲထည့် ခိုင်းတာတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
အွန်လိုင်းမဲပေးစနစ်ကိုလည်း ပထမဆုံးအကြိမ်ကျင့်သုံးခဲ့ပြီး သမ္မတပူတင်ကိုယ်တိုင်လည်း အွန်လိုင်းက မဲပေးခဲ့ပါတယ်။
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ပူတင်ရဲ့ အဓိက အတိုက်အခံများအစုဟာ ထောင်ထဲမှာဖြစ်သလို အထင်ရှားဆုံးပုဂ္ဂိုလ် အလက်ဇီနာဗယ်လ်ညီဟာလည်း ရုတ်တရက်ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။
လက်ရှိသမ္မတရွေးကောက် ပွဲမှာ သူနဲ့ ပြိုင်တဲ့ ၃ ဦးဟာ မထင်မရှားနိုင်ငံရေးသမားတွေဖြစ်ပြီး သူတို့ကိုနောက်ခံပြုထားတဲ့ အမည်ခံအတိုက်အခံဆိုသူ ပါတီတွေကိုယ်တိုင်ကလည်း ပူတင်ကိုပဲ ထောက်ခံကြတာဖြစ်ပါတယ်။
Source/Photo - Reuters