စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်က ပြည်သူ ၃၀ ကျော်ကို မတ် ၁၆ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
ဒီမနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ မုံရွာမြို့တောင်ဘက်၊ ညောင်ပင်စောက်ရပ်ကွက်က မင်းရာဇာ လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ပြည်သူတွေကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခက စစ်ကောင်စီတပ်သား ၅၀ နီးပါးက ဝင်ရောက်ဖမ်းခေါ်သွားတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေပါဝင်ပြီး သူတို့ကို ဘယ်ကို ခေါ်ဆောင်သွားသလဲတော့ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “လမ်းကနေ ပြည်သူတွေ နုန်း(သဲ)တိုက်တဲ့ ကား ၂ စီးပေါ်လိုက်လာပြီး အကုန် ဖမ်းသွားတာပေါ့။ သူတို့ဝင်လာတာလည်း မသိလိုက်ဘူး။ လက်ဖက်ရည်ဆိုင်ထဲကသူတွေ အကုန်ဖမ်းသွားတယ်။ လမ်းသွားလမ်းလာတွေ ဆိုက်တွဲသမားတွေကိုချောဆွဲပြီး ဖမ်းတဲ့သူတွေကို တင်သွားတယ်” လို့ ပြောပါတယ်။
မတ် ၁၅ ရက် မနေ့ကလည်း မုံရွာ နမခ အနီးက ကျွဲတဲကျေးရွာကို မီးရှို့ပြီး ရွာခံချို့ကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။