Home
မြန်မာသတင်း
PNA ထောက်ခံစာပါမှ ဆီဆိုင်မြို့နယ်အတွင်း စက်သုံးဆီသယ်ခွင့်ရ
DVB
·
March 16, 2024
PNA 1632024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းပြည်သူ့စစ် PNA ရဲ့ ထောက်ခံစာပါမှ စက်သုံးဆီကို ဘူးနဲ့ဝယ်ယူသယ်ဆောင်လို့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ပအိုဝ်းပြည်သူ့စစ် PNA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)တို့ တိုက်ပွဲတွေဖြစ်နေပြီး ဆီဆိုင်မြို့ကိုသွားတဲ့ လမ်းကြောင်းကနေ စက်သုံးဆီသယ်ယူမယ်ဆိုရင် ထောက်ခံစာကို မဖြစ်မနေ ယူခိုင်းပြီး ထောက်ခံစာမပါဘဲ ဝယ်ယူလာတဲ့သူတွေကို ပစ္စည်းသိမ်းယူတာ၊ ကား၊ ဆိုင်ကယ် အပြင် လူတွေကိုပါ ဖမ်းဆီးတာတွေလုပ်တယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ် မီရယ့်ရွာခံတယောက်က “ထောက်ခံစာကို ဆိုက်ခေါင်မှာယူရတယ်။ စာအရင်တင်ရတယ်။ ဘာလုပ်ဖို့အတွက်၊ ဘယ်သူကဝယ်ချင်တာပါ ဆိုပြီး စာတင်ရတယ်။ သူတို့ခွင့်ပြုချက်မရမချင်း မဝယ်ရဘူး။ ဒီနေ့ဝယ်ချင်ရင် မနေ့ကတည်းက စာတင်ထားရတယ်။ လူကိုယ်တိုင်သွားရတယ်” လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ စက်သုံးဆီတွေကို ဆိုက်ခေါင်၊ ဘန်းယဉ်၊ ဟိုပုံး၊ တောင်ကြီးမြို့နယ်တို့အထိ သွားရောက်ဝယ်ယူရတယ်လို့ သိရပါတယ်။

နားဟုဲင်းရွာခံတယောက်ကလည်း “ဂိတ်တွေအရမ်းများလို့ ကျနော်တို့က မဝယ်တော့ဘူး။ ကားထဲကိုအပြည့်ဖြည့်ပြီးတော့ အိမ်ရောက်မှ ပြန်စုပ်ထုတ်တယ်။ အဲလိုမလုပ်ရင် မသုံးရတော့ဘူး။ ဈေးအရမ်းကြီးတယ်။ နှစ်ဆလောက်ပိုပေးရတယ်။ ၁ လီတာကို ၇၀၀၀၊ ၈၀၀၀ ဝယ်သုံးရတယ်။ အခုချိန်မှာ ပစ္စည်းရောင်းဖို့လိုတယ်လေ။ ငရုပ်သီးတွေ၊ ပြောင်းတွေကို ရောင်းဖို့လိုတယ်” လို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားတပ်မတော် PNA ဟာ ဆီဆိုင်မြို့ကိုသွားတဲ့လမ်းကြောင်းမှန်သမျှ ကျေးရွာတိုင်း နီးပါးမှာ စစ်ဆေးရေးဂိတ်တွေဖွင့်ထားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024