ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ကို မတ် ၁၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်နဲ့ မိခင်ဖြစ်သူသေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်။
မတ် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃၊ ကီးသာရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကြဲချခဲ့တာဖြစ်ပါတယ်။
ဗုံးထိမှန်ပြီး နေအိမ်အတွင်းမှာ နေထိုင်တဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် ၄၀ အရွယ် သူ့မိခင်တို့ မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ တခြားကလေးငယ် ၂ ယောက်၊ CDM ကျောင်းဆရာနဲ့ အသက် ၇၀ အရွယ်အမျိုးသား ၁ ယောက် တို့လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး၊ ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
မင်းတပ်မြို့ခံတယောက်က “တံတားဦးဘက်က တတ်လာတဲ့ ဂျက်ဖိုက်တာက ၁ ကြိမ် ၂ လုံးနဲ့ ၄ လုံး ကြဲသွားတာ။ တိုက်နယ် ၃ အပိုင်ထဲက ရွာထဲကျသွားတယ်။ သားအမိ ၂ ယောက်က မီးလောင်ပြီးဆုံးသွားတယ်။ ထိခိုက်တဲ့ သူတွေလည်း ဒဏ်ရာကြီးကျတယ်” လို့ ပြောပါတယ်။
မတ်လဆန်းပိုင်းမှာပဲ စစ်ကောင်စီက မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၊ အမှတ် ၁၃၊ အမှတ် ၃ တို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။