ရန်ကုန်တိုင်းအတွင်း ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ မဲနှိုက်ရာမှာ မဲပေါက်လို့ စစ်မှုမထမ်းလို သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ရုံးကို ကျပ်သိန်းဆယ်နဲ့ချီပေးပြီး လွတ်အောင်လုပ်နေကြတာရှိတယ်လို့ ကိုယ်တိုင်ကြုံရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ သူတွေစာရင်းကို စတင်ကောက်ယူနေသလို တချို့နေရာတွေမှာတော့ စာရင်းကောက်ပြီးလို့ စစ်မှုထမ်းရမယ့် ဦးရေအလိုက်မဲနှိုက် ရွေးခဲ့ပါတယ်။
အဲဒီလို ရွေးချယ်ရာမှာ မဲပေါက်သူတွေထဲက စစ်မှုမထမ်းလိုသူတွေက သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာ ငွေအပေးအယူလုပ်ပြီး ကင်းလွတ်ခွင့်ရအောင်လုပ်လာတာလို့ ဆိုပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတဦးက "အသိတယောက်ဆို သူ့မိဘတွေကလည်း Non CDM တွေပဲ။ မဲနှိုက်တော့သူက မဲပေါက်တယ်။ အဲဒီမှာစစ်မှု မထမ်းချင်ရင် ကျပ်သိန်း ၂၀ ပေးရမယ်လို့ တောင်းတယ်။ စျေးဆစ်တော့ နောက်ဆုံး ၁၈ သိန်းနဲ့ပြီး သွားတယ်"လို့ ပြောပါတယ်။
အလားတူ မြို့နယ်တွေက ရပ်ကွက်တွေမှာလည်း မဲပေါက်ပြီးစစ်မှုမထမ်းလိုရင် ကျပ်သိန်း ၅၀ လောက်အထိ ပေးဖို့စျေးခေါ်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်သူတဦးက "ကြားတာကတော့ မဲပေါက်သူရဲ့ စီးပွားရေးအခြေအနေကိုကြည့်ပြီး တောင်းတဲ့ငွေပမာဏကွာတယ်လို့ ပြောနေကြတယ်။ ကိုယ်တွေ ရပ်ကွက်မှာတော့ မဲမနှိုက်သေးလို့မသိသေးဘူး။ တခြားရပ်ကွက်တွေကတဆင့် သတင်းတွေ ကြားနေရတာ"လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ သူတွေရဲ့စာရင်းကို ဆက်တိုက်ကောက်ယူနေသလို ပြည်သူတွေကြားမှာလည်း အထိတ်တလန့်တွေ ဖြစ်ပေါ်နေ ပါတယ်။
စာရင်းကောက်ယူပြီး ဦးရေထဲကတသုတ်ကို လူဘယ်လောက်ခေါ်ယူမယ်ဆိုတဲ့ သတင်း အချက်အလက်တွေ အတိအကျမသိရပဲ ရပ်ကွက်အလိုက် ရွေးချယ်သူဦးရေကွာခြားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ စစ်မှုထမ်းဦးရေစုဆောင်းတာဟာ အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ငွေရှာပေါက်တခုဖြစ်လာသလို စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ်လည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။