Home
မြန်မာသတင်း
ရှမ်းတောင်တွင် လုံခြုံရေးတင်းကျပ်ပြီး ဂရုစိုက်ရန် ဒုစစ်ခေါင်းဆောင် ပြော
DVB
·
March 15, 2024
shan 1532024

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်တွေကို လုံခြုံရေးတင်းကျပ်ထားပြီး ဂရုစိုက်ဖို့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ် ၁၄ ရက်က အောင်ပန်းတပ်နယ်မှာ ပြောပါတယ်။

မနေ့မနက်က အောင်ပန်းစစ်ဆေးရုံမှာ ဆေးကုသနေတဲ့ အရာရှိ စစ်သည်တွေကို လာကြည့်ပြီး တိုင်းမှူး၊ တပ်မမှူး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ တွေ့ဆုံစဥ် အခုလိုပြောဆိုခဲ့တာလို့ အောင်ပန်းစစ်ဆေးရုံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရှမ်းတောင်ကို ရှမ်းမြောက်လိုဖြစ်မှာ အရမ်းစိုးရိမ်နေတယ်။ ပအိုဝ်းပြည်သူ့စစ်တွေ အဓိကထားပြီး ထောက်ပံ့ငွေလာပေးတာ။ အကုန်လုံး လုံခြုံရေးတင်းကျပ်ထားဖို့၊ မြို့ရွာတွေ မကျအောင် ကာကွယ်ဖို့ ပြောတာ။”

ဒုစစ်ခေါင်းဆောင်ဟာ အောင်ပန်းစစ်ဆေးရုံ အစည်းအဝေးခန်းမှာ ပြည်သူ့စစ်အင်အား တိုးမြှင့်ထားဖို့နဲ့ လက်နက်ရိက္ခာကို အရင်ကထက် ပိုထောက်ပံ့ပေးသွားမယ်လို့ ကတိပြုခဲ့တယ်လို့လည်း ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ပြည်သူ့စစ်တွေ လက်နက် ထပ်ပြီးထောက်ပံ့မယ်၊ ရိက္ခာလည်းပေးမယ်ပေါ့။ ကိုယ်မြို့ကို ကိုယ်ကာကွယ်ရမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ဖြစ်နေတာ ရှမ်းတောင်က ပအိုဝ်းတွေက စစ်တပ်အပေါ် မယုံကြည်တော့ ပြည်သူ့စစ်က ထွက်သွားတဲ့သူတွေရှိတယ်။ တချို့ကလေးတွေက လက်နက်ကိုင်နဲ့ သွားပေါင်းပြီး တပ်ကိုပြန်တိုက်တယ်။”

ဒါ့အပြင် ကလောစစ်ဦးစီးတက္ကသိုလ်မှာ စစ်ဦးစီးအရာရှိ(ပထမတန်း) သင်တန်းတက်နေတဲ့ ဒုဗိုလ်မှူးကြီးတွေကို သင်တန်းပြီးပါက တိုက်ပွဲတွေကို ဦးဆောင်နိုင်ဖို့အတွက် လေ့လာကြိုးစားသင်ယူဖို့လည်း ပြောဆိုခဲ့ပါတယ်။

လတ်တလောမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ်တွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013