ရန်ကုန်မှာပြုလုပ်မယ့် သင်္ကြန်ပွဲမှာ လုံခြုံရေးကို အထူးအလေးထားဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက သတိပေး ပြောကြားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်က သတိပေး မှာကြားလိုက်တာပါ။
အဲဒီအစည်းအဝေးမှာ ဦးစိုးသိန်းက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အစဥ်အလာအတိုင်း ရိုးရာယဥ်ကျေးမှုတွေကို ထိန်းသိမ်းပြီး အောင်မြင်အောင် ကျင်းပနိုင်ရေး တာဝန်ရှိသူတွေအားလုံး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ဖို့နဲ့ လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း စစ်ကောင်စီအစိုးရအဖွဲ့ရုံး သတင်းရင်းမြစ်တဦးက “အခုက ရန်ကုန်မှာ ဗုံးပေါက်တာတွေလည်း ဆက်တိုက်ဖြစ်နေတော့ ဒါကို စိုးရိမ်နေတာ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း အရင်နှစ်တွေလို ဖိအားပေး သင်္ကြန်လည်ခိုင်းမှာကို သိလို့ စိတ်ညစ်နေကြတယ်” လို့ ပြောပါတယ်။
ဒီနှစ် ရန်ကုန်မြို့မှာ မြို့တော်ဝန်မဏ္ဍပ်အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်သွားမယ်လို့ စစ်ကောင်စီခန့် ရန်ကုန်မြို့တော်ဝန်ကလည်း ပြောထားပါသေးတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်မှာ သင်္ကြန်ပွဲကို မဖြစ်ဖြစ်အောင်ပြုလုပ်ပြီး အများပြည်သူ ပျော်ရွှင်နေတယ်ဆိုတဲ့ ပုံရိပ် အသုံးချတာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲကို ပြည်သူအများစုက စိတ်ဝင်စားပါဝင်တာ မရှိလို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အလှည့်ကျ မဖြစ်မနေ သွားရောက်လည်ပတ်ခိုင်းတာတွေ လုပ်လေ့ရှိခဲ့တယ်လို့ Non CDM ဝန်ထမ်းတချို့က ဆိုပါတယ်။
ရန်ကုန်မြို့နေ ပြည်သူတဦးက “စစ်ကောင်စီသင်္ကြန်ကို အရင်ကလည်း မလည်ဘူး၊ အခုလည်း စိတ်မဝင်စားဘူး။ သင်္ကြန်လည်ဖို့နေနေသာ စစ်မှုထမ်းရမယ့်ကိစ္စကြောင့် လူတွေက စိတ်ညစ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက အရင်နှစ်တွေက သင်္ကြန်ပွဲကျင်းပရာ မဏ္ဍပ်တွေအနီး စစ်သားနဲ့ ရဲတွေက သေနတ်ကိုင် လုံခြုံရေးယူ စောင့်ကြည့်တာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သင်္ကြန်ပွဲတော်အတွက် မြို့တော်ဝန်မဏ္ဍပ် ပြင်ဆင်နေချိန် အဲဒီမဏ္ဍပ်အနီး ဗုံးပေါက်ကွဲခဲ့ပါတယ်။