Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဆိုင်ကယ်စီးလာသူ  ၃ ဦးကို စစ်တပ်ပစ်ခတ် 
DVB
·
March 15, 2024
cycle 1532024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာမှာ မတ် ၁၄ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တဲ့ အတွက် အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

ဆိုင်ကယ်တစီးကို သုံးယောက်စီးနင်းပြီး စစ်ကောင်စီတပ်က စစ်ဆေးနေတဲ့အတွက် ဆိုင်ကယ်ပြန်လှည့်ရာ စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်တဲ့အတွက် အမျိုးသားတဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “နန်းကွေ့လမ်းဆုံမှာ နေ့လယ် ၃ နာရီလောက်က စစ်တပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်။ သူတို့က ဆိုင်ကယ်တစီးတည်းကို သုံးယောက်စီးလာတာ အဖမ်းခံရမှာ စိုးလို့နဲ့ထင်တယ်။ အဲ့ဒါနဲ့ ပြန်လှည့်ပြေးတာ၊ ရပ်ခိုင်းတာ မရပ်တော့ သေနတ်နဲ့ လိုက်ပစ်တာ။ အလယ်ကတယောက် ထိသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ နန်းကွေ့ကျေးရွာ နယ်မြေ ၆ မှာ နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားဟာ ခါးမှာ ဒဏ်ရာရခဲ့တဲ့အတွက် မြစ်ကြီးနား ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ တိုက်ပွဲဖြစ်ပေါ်နေပြီးနောက် မြစ်ကြီးနားမြို့မှာ လုံခြုံရေး တိုးမြှင့်ချထားကာ စစ်ကောင်စီ အမြောက်တပ်ကလည်း နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013