တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ မတ် ၁၄ ရက် နေ့လယ် ၂ နာရီခွဲလောက်က တောမီးလောင်ကျွမ်းခဲ့ပြီး ဥယျာဥ်ခြံမြေတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မောတောင်မြို့ရဲ့ တောင်ကုန်းပေါ်မှာရှိတဲ့ ဝေနေယျသုခကျောင်း ဘုရားစေတီအနောက်ဘက် တောင်ပေါ်ကနေ မီးစတင်လောင်ကျွမ်းတာပါ။
မီးလောင်တဲ့နေရာကို နေ့လယ် ၃ နာရီလောက်မှာ မီးသတ်ကားတစီးသာ ရောက်လာပြီး နေအိမ်တွေဘက် မီးမကူးစက်အောင်သာ ရေဖျန်းပေးခဲ့ပါတယ်။
မီးလောင်တဲ့ တောင်ကုန်းဘက်ကို မီးသတ်ကား အလွယ်တကူသွားဖို့ ခက်ခဲတဲ့အပြင် ရေရှားပါးတဲ့ဒေသ ဖြစ်လို့ မီးငြှိမ်းသတ်ဖို့ မလွယ်ကူခဲ့ဘဲ ည ၈ နာရီလောက်မှာ တောမီးလောင်တာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့တယ်လို့ ပြောပါတယ်။
မောတောင်မြို့ခံ အမျိုးသမီးတဦးက “မီးသတ်ကားက နေအိမ်တွေဘက်ပဲ ငြှိမ်းပေးတယ်။ ကျန်တာမငြှိမ်းရဘူး။ လူတွေ ဘုန်းကြီးတွေက ငှက်ပျောပင်ပိုင်းပြီးတော့ အဲဒါနဲ့လိုက်ငြှိမ်းတာ၊ တောမီးက ငြှိမ်းလို့မှမရတာ၊ သူ့အရှိန်ကုန်မှ သူ့ဟာသူငြိမ်းတာ။ လူနေအိမ်တွေ မပျက်စီးအောင်ဘဲ တားလို့ရတယ်။ မီးသတ်ကား တမိနစ်လောက် နောက်ကျရင် လူနေအိမ်တွေ မီးကူးပြီးပဲ” လို့ ပြောပါတယ်။
အဆိုပါ တောမီးလောင်ရာအနီးတဝိုက်က ဥယျာဥ်ခြံမြေတွေမှာ စိုက်ပျိုးထားတဲ့ အုန်းပင်၊ ကွမ်းပင်၊ ခရူသီးပင်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ မသိရသေးပါဘူး။
ဒေသခံက “အပင်တွေက အသီးသီးနေတဲ့ အပင်တွေလည်း ရှိတော့ ပိုင်ရှင်တွေမှာ စည်းစိမ်ကုန်တာနဲ့ တူတူပဲပေါ့။ ဘုန်းကြီးကျောင်းအနောက်မှာဆိုတော့ ဘုရားသိမ်ကိုလည်း မလောင်ဖို့ တော်တော်အားထုတ်လိုက်ရတယ်။ နဂါးရုံဘုရားတွေတော့ မီးဟပ်ကုန်တာပေါ့” လို့ ပြောပါတယ်။
မီးလောင်တဲ့နေ့က မောတောင်မြို့မှာ အပူချိန်လွန်ကဲတဲ့အပြင် လေပြင်းတွေလည်း တိုက်နေတာကြောင့် တောမီးလောင်ကျွမ်းတာမျိုး ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ယူဆနေပြီး ဘာကြောင့် တောမီးလောင်ကျွမ်းလဲ ဆိုတာကိုတော့ DVB အနေနဲ့ အတိအကျ အတည်ပြုလို့ မရသေးပါဘူး။
မြို့ခံနောက်တဦးက “ခုထိလည်း လေတိုက်ရင် မီးခိုးငွေ့တွေ ထွက်နေတုန်းပဲ။ ခြံပိုင်ရှင်တွေလည်း ဆေးဖျန်းလိုက်၊ ရေဖျန်းလိုက် သတိထားပြီး လုပ်နေရတယ်” လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ဟာ တောင်သုံးလုံးဝန်ရံထားတဲ့ အလယ်မှာ တည်ရှိနေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့ငယ်လေးတမြို့ဖြစ်ပြီး နှစ်စဥ် အခုလိုရာသီအချိန်ရောက်တိုင်း တောမီးလောင်ကျွမ်းတဲ့ ဖြစ်စဥ်တွေ ဖြစ်လေ့ရှိတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။