လူသားတွေကို အင်္ဂါဂြိုဟ်အထိပို့ဖို့ မျှော်လင့်ထားတဲ့ အီလွန်မတ်စ်ခ်ရဲ့ Starship ဒုံးယာဉ်ဟာ မတ် ၁၄ ရက်က တတိယအကြိမ် စမ်းသပ်ပျံသန်းမှုမှာ ကမ္ဘာမြေပေါ် ပြန်ဆင်းတဲ့အချိန် ပျက်စီးသွားခဲ့ပေမဲ့ ရည်မှန်းချက်အများစု အောင်မြင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
SpaceX ကုမ္ပဏီသူဌေး အီလွန်မတ်စ်ခ်ကတော့ ရလဒ်ကို ကျေနပ်ခဲ့ပုံရပြီး “Starship ဟာ လူသားတွေကို အင်္ဂါဂြိုဟ်အထိ သယ်ဆောင်သွားမယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် X မှာ ရေးတင်ခဲ့ပါတယ်။
၃၉၅ ပေရှည်တဲ့ အာကာသဒုံးပျံကို ပြီးခဲ့တဲ့နှစ် ဧပြီနဲ့ နိုဝင်ဘာမှာ လွှတ်တင်ခဲ့သေးပေမဲ့ လွှတ်ပြီး မကြာခင် ပေါက်ကွဲခဲ့တာ များပါတယ်။
SpaceX ရဲ့ အင်ဂျင်နီယာပညာဓလေ့တခုက ယာဉ်ကို ပျက်စီးဆုံးရှုံးတဲ့အထိ စမ်းသပ်တာဖြစ်ပြီး ထပ်တလဲလဲ စမ်းသပ်ကာ ပိုကောင်းအောင် ပြင်ဆင်တာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာလည်း အလုံးစုံအောင်မြင်ဖို့ မျှော်လင့်မထားဘဲ စမ်းခဲ့တာဖြစ်ပါတယ်။
အာကာသထဲက တက်တာ၊ အောက်ကတွန်းကန်ပေးတဲ့ အပိုင်းကို ဖြုတ်တာ၊ အပေါ်ပိုင်းယာဉ်က အတ္တလန္တိတ် သမုဒ္ဒရာနဲ့ အာဖရိကတောင်ပိုင်းကို ဖြတ်ပျံသန်းတာ အကုန်လုံး အဆင်ပြေခဲ့ပါတယ်။
အမြင့် မိုင် ၁၀၀ ကျော်ကနေ ရိုက်ကူးထားတဲ့ ကမ္ဘာမြေပုံတွေလည်း ပြန်ပို့နိုင်ခဲ့ပါတယ်။ ကမ္ဘာ့မြေပေါ် ပြန်ဆင်းသက်တာကတော့ သမုဒ္ဒရာထဲကို ထိုးဆင်းရမှာဖြစ်ပြီး အဲဒီ ဆင်းတဲ့အချိန်ကျမှ အဆက်အသွယ်ပြတ်သွားတာ ဖြစ်ပါတယ်။
တွန်းအား ၇၄ မဂ္ဂါနယူတန်ရှိတဲ့ အင်ဂျင် ၃၃ လုံးပါ ဒီယာဉ်ဟာ တချိန်က လပေါ် လူလွှတ်ခဲ့တဲ့ အာကာသဒုံးယာဉ်တွေ အားလုံးထက် အင်အားကြီးပါတယ်။
အပြည့်အဝသာ လည်ပတ်နိုင်ရင် အာကာသစူးစမ်းရေးနယ်ပယ်ကို လုံးဝ ပြောင်းလဲသွားစေမှာပါ။
ဒါ့အပြင် အလုံးစုံ ပြန်သုံးနိုင်အောင် ရည်ရွယ်တည်ဆောက်ထားတာကြောင့် လေယာဉ်ပျံလိုပဲ ဆီပြန်ဖြည့်ပြီး မြန်မြန်ဆန်ဆန် ပြန်သုံးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
တခါတည်း တန်ရာချီပြီး အာကာသထဲ သယ်သွားနိုင်တဲ့အတွက် ကုန်ကျစရိတ်လည်း သက်သာမှာ ဖြစ်ပါတယ်။
Source/Photo-Reuters