ဂါဇာကမ်းမြောင်ဒေသ အယ်လ်-နူဆေရတ် ဒုက္ခသည်စခန်းရှိ အကူအညီပစ္စည်းတွေ ဖြန့်ဖြူးရေးစင်တာမှာ အစ္စရေးပစ်ခတ်မှုကြောင့် ပါလက်စတိုင်းရှစ်ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မတ် ၁၄ ရက်မှာ ပြောပါတယ်။
အကူအည ဖြန့်ဝေရေးစင်တာမှ စေတနာ့ဝန်ထမ်း မူဟမ်မဒ် အဘူ အဘ်ဒိုက “လူတွေကို အနှီးတွေ၊ ဂျုံမှုန့်၊ စပါဂတ်တီနဲ့ တခြားပစ္စည်းတွေကို ပေးနေတုန်းမှာ ရုတ်တရက် ဒုံးကျည်တွေ ပစ်လွှတ်တာကို တွေ့လိုက်ရတယ်။ တချို့လူငယ်တွေ သေကုန်ပြီး တချို့လည်း ဒဏ်ရာရတယ်။ ဒီနေရာက ဒုံးပျံနယ်မြေ မဟုတ်သလို ခုခံတိုက်ခိုက်နေတဲ့ နေရာလည်း မဟုတ်ဘူး။ လူတွေက ဂျုံအိတ်တွေ ယူနေချိန်မှာလည်း သူတို့က လူတွေကို အိတ်တွေနဲ့ ပစ်တယ်၊ ရိုက်တယ်” လို့ ပြောပါတယ်။
ဒီနေ့က ဘာသတိပေးချက်မှမရှိဘဲ ဒီဂိုဒေါင်ကို တိုက်ခိုက်တာဖြစ်ပြီး ဒီစင်တာမှာက အစ္စရေးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ဘာစစ်သွေးကြွ၊ ဘာလုံခြုံရေးအစောင့်၊ ဘာရဲမှ မရှိကြဘူးလို့ စေတနာ့ဝန်ထမ်း ရှာဒီ အဘူ အဘ်ဒိုကလည်း ဆိုပါတယ်။
“ကျနော်တို့က အကူအညီတွေ ရယူပြီးတော့ ပြည်သူတွေကို ဖြန့်ဝေတယ်။ လူတွေကလည်း သူတို့လိုအပ်တဲ့ ရမ်ဇာန် အစားအစာတွေကို လာယူကြတာပါ” လို့လည်း ဆိုပါတယ်။
ဒီနေ့မှာ သူတို့က ဂိုဒေါင်ကို ဝင်တိုက်ပြီး နေ့စွဲ၊ ရက်စွဲတွေ ပါဝင်တဲ့ အကူအညီပစ္စည်းတွေ ကိုလည်း မီးရှို့ပစ်လိုက်ကြောင်းနဲ့ ဒီမှာလုပ်ကိုင်ပေးနေတဲ့သူတွေရဲ့ သွေးတွေလည်း အဲဒီနေရာမှာ ပြည့်သွားတာပဲလို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မှတ်ချက်ပေးမယ့် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
အခု ၆ လထဲကို ဝင်လာတဲ့ စစ်ပွဲနဲ့အတူ ဂါဇာလူဦးရေရဲ့ လေးပုံတပုံဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရပြီလို့ ကုလသမဂ္ဂက သတိပေးထားပြီး နယ်မြေအတွင်းကို အကူအညီတွေ ပိုမိုဝင်ရောက်ခွင့် ရဖို့ အစ္စရေးကို ကမ္ဘာ့ဖိအားတွေ တိုးလုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ကို အကူအညီတွေ ပို့ဆောင်ခြင်းကို ဟန့်တားတယ် ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုထားပြီး နှောင့်နှေးကြန့်ကြာမှုတွေဟာ အကူအညီပေးရေး အေဂျင်စီတွေ ပျက်ကွက်မှုတွေလို့ အပြစ်တင်ထားပါတယ်။
ဟားမတ်စ်တွေက အကူအညီတွေကို လမ်းကြောင်းပြောင်းအောင် လုပ်နေတယ်လို့ စွပ်စွဲထားပြီး ဒါကို ဟားမတ်စ်တွေကလည်း ငြင်းဆန်ထားပါတယ်။
အစ္စရေးကသာ သူ့ရဲ့စစ်ရေးထိုးစစ်မှာ ငတ်ပြတ်မှုကို လက်နက်အဖြစ် အသုံးပြုနေတာလို့ ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters