စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ကမ်းဖြူရွာနဲ့ ရွာသာရွာအကြားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားစေတီတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၄ ရက် နေ့လယ် ၁၂ နာရီ ၂၀ မှာ ဂျက်ဖိုက်တာနဲ့ ၂၀၀ မမ ဗုံးသီးနှစ်လုံး ကြဲချပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
ဗုံးသီးထိမှန်မှုကြောင့် ရွာသာရွာ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတချို့ ပျက်စီးခဲ့ပြီး နွားတကောင်လည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ဂျက်ဖိုက်တာနဲ့ လာပစ်တာဗျ၊ ရွာထဲကိုပစ်တာဗျ၊ ရွာနဲ့ ကိုက် ၅၀ ဝေးတဲ့ လယ်ကွင်းထဲကို ကျသွားတယ်။ လယ်ထဲက နွားတကောင်တော့ ထိပြီး သေသွားတယ်ဗျ။ လူတွေကတော့ အရှောင်မြန်လို့ ဘာမှမဖြစ်သွားဘူး။ ရွာသာရွာဘုန်းကြီးကျောင်း တောင်ကုန်းပေါ်လည်း ကျတယ်၊ ဘုရားတွေ ထိခိုက်သွားတယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။