ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ် အာဏာသိမ်းခံခဲ့ရပြီး ပြည်ပမှာ တိမ်းရှောင်ခဲ့ရတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မွေးရပ်မြေ ချင်းမိုင်ကို မတ် ၁၄ ရက်မှာ သီးသန့်ဂျက်လေယာဉ်နဲ့ လာရောက်ခဲ့ပါတယ်။
မတ်စ်တပ်ပြီး လည်ပင်းအထိန်းတပ်ထားတဲ့ သက်ဆင်ဟာ သမီးဖြစ်သူ ဖဲထောင်းထန်း ရှင်နာဝပ်၊ စိုက်ပျိုးရေးဝန်ကြီး သမာနတ်ပရွန်ပေါင်တို့နဲ့အတူ ချင်းမိုင်ကို သုံးရက်ကြာခရီး လာရောက်ခဲ့တာဖြစ်ပြီး မီဒီယာကိုတော့ စကားမပြောခဲ့ပါဘူး။
ထောက်ခံသူတွေက သက်ဆင်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဆဲလ်ဖီဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။
သက်ဆင်ဟာ မတူညီတဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးချက် ရယူချင်တာရယ်၊ ဘိုးဘေးတွေကို ကန်တော့ချင်တာရယ်ကြောင့် ချင်းမိုင်ကို လာရောက်ခွင့် တောင်းခံခဲ့တာဖြစ်တယ်လို့ တရားရေးဝန်ကြီး တာဝီးဆော့ဒ်ဆောင်းက ဆိုပါတယ်။
ထိုင်းနိုင်ငံရေးအပေါ် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လွှမ်းမိုးထားတဲ့ ဘီလီယံနာသူဌေးကြီး သက်ဆင်ရဲ့ နောက်ခံနဲ့ ထောင်ခဲ့သမျှ ပါတီတိုင်းဟာ ပြိုင်ခွင့်ရသမျှ ရွေးကောက်ပွဲတိုင်း နီးပါးမှာ အနိုင်ရခဲ့ပါတယ်။
လက်ရှိမှာလည်း သက်ဆင် သမီး ဦးဆောင်တဲ့ ဖွေထိုင်းပါတီဟာ အာဏာရပါတီအဖြစ် ရပ်တည်နေပါတယ်။
အာဏာအလွဲသုံးစားမှုနဲ့ မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရတာကို ရှောင်လွှဲနိုင်ဖို့ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေတဲ့ သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ပြည်တော်ပြန်ခဲ့ပါတယ်။
ပြည်တော်ပြန် သက်ဆင်ဟာ ထောင်ရှစ်နှစ် ချခံခဲ့ရပေမဲ့ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်အရ တနှစ်သာကျခံခဲ့ရပြီး အဲဒီ တနှစ်ကိုမှ လွတ်ငြိမ်းသက်သာခွင့်တွေအရ ခြောက်လပဲ ကျခံခဲ့ရပါတယ်။ အဲဒီခြောက်လကိုလည်း ကျန်းမာရေးအကြောင်းပြချက်အရ ဆေးရုံမှာပဲ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters