Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကိစ္စ အရေးယူပေးရန် UNSC နှင့် ILO ထံ တောင်းဆို လှုပ်ရှားမှုတွင် ပါဝင် လက်မှတ်ရေးထိုးနိုင်
DVB
·
March 15, 2024
ilo 1532024

စစ်ကောင်စီက အတင်းအကျပ်ကျင့်သုံးနေတဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းပေးဖို့နဲ့ ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှား အဖွဲ့တွေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

GLOBAL MYANMAR SPRING REVOLUTION - ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးအဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ကို မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းဖို့ အရေးပေါ်အစည်းအဝေးကို ချက်ချင်းခေါ်ယူပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း ၇ အရ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်တရပ်ကို အဆိုပြုပေးဖို့၊ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်တာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးဖို့အတွက် လေယာဉ်ဆီ ပို့ကုန်တင်သွင်းမှု အာမခံလုပ်ငန်းတွေကို ထောက်ပံ့ပေးတာတွေ ပိတ်ဆို့အရေးယူပေးဖို့၊ စစ်အာဏာရှင်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် လက်နက်ရောင်းချမှုကို တားမြစ်ဖို့၊ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့နဲ့ ရက်စက်ကြမ်းကြုတ်မှုကျူးလွန်သူတွေကို တာဝန်ခံစေဖို့အတွက် အထူးခုံရုံးတခု ထူထောင်တာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇ၀တ်ခုံရုံးဆီ လွှဲပြောင်းပေးဖို့ စတဲ့အချက်တွေ ပါဝင်နေပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကို တောင်းဆိုထားတဲ့ အချက်တွေမှာတော့ အကြမ်းဖက်စစ်အာဏာရှင်တွေက ပြဋ္ဌာန်းလိုက်တဲ့ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းခြင်း ဥပဒေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုက နိုင်ငံတကာ အလုပ်သမာစံနှုန်းတွေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို ဆိုးရွားစွာ ချိုးဖောက်မှုဖြစ်တာကြောင့် အဆိုပါဥပဒေကို ပယ်ချပေးဖို့၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အတင်း အကျပ်ပေါ်တာဆွဲတာ၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ဆိုးရွားတဲ့ ရာဇ၀တ်မှုမျကျူးလွန်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ် တမ်းတင်ထားတဲ့ တရားမဝင် အတင်းအကျပ် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြတ်သားစွာ အရေးယူပေးဖို့ ပါဝင်နေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓမ္မစစ်သားစုဆောင်းမှုဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့၊ စောင့်ကြည့်ပြီးတော့ အဓမ္မစေခိုင်းမှုအသုံးပြုမှုကို ရှုတ်ချပြီး ချက်ချင်းအရေးယူဆောင် ရွက်ပေးဖို့နဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုကို ကိုင်တွယ်ဖြေရှင်းဖို့၊ ထိခိုက်ခံစားရသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ လိုက်နာမှုမြှင့်တင်ဖို့နဲ့ ရွေးကောက်ခံတရားဝင် အစိုးရ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (ERO)နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို နည်းပညာအကူအညီနဲ့ ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်က လူပေါင်း ၄၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရွေး ကောက်ခံလွှတ်တော်အမတ်တွေ၊ သတင်းထောက်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် လူပေါင်း ၂၆,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၀,၀၀၀ ကျော်ကတော့ အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်နဲ့ ပစ်ခတ်မှုတွေ၊ လိင်နဲ့ Gender အခြေပြု အကြမ်းဖက်မှုတွေ၊ အစုလိုက်အပြုံလိုက် ညှဉ်းပန်းနှိပ်စက်မှုနဲ့ မီးရှို့မှုတွေ ကျူးလွန်ခဲ့တာကြောင့် လူပေါင်း ၂ ဒသမ ၆ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေကြတာပါ။

လတ်တလောမှာတော့ စစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ဆီ လက်မှတ်ရေးထိုး ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

လက်မှတ်ရေးထိုးပါဝင်ရန်လင့်ခ်-https://actionnetwork.org/petitions/tell-the-un-security-council-and-ilo-to-address-myanmar-juntas-forced-conscription-law/?fbclid=IwAR3V6IkVRyJd0N-X1in1ISX4AD1eHSqE5nq5ozZW82yPC_yj4kYvSJLccsE

https://actionnetwork.org/petitions/tell-the-un-security-council-and-ilo-to-address-myanmar-juntas-forced-conscription-law/?fbclid=IwAR3V6IkVRyJd0N-X1in1ISX4AD1eHSqE5nq5ozZW82yPC_yj4kYvSJLccsE
https://actionnetwork.org/petitions/tell-the-un-security-council-and-ilo-to-address-myanmar-juntas-forced-conscription-law/?fbclid=IwAR3V6IkVRyJd0N-X1in1ISX4AD1eHSqE5nq5ozZW82yPC_yj4kYvSJLccsE

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013