Home
မြန်မာသတင်း
ခရီးသွားရာသီ အဝေးပြေးယာဉ်လိုင်းများ ခုံလူမပြည့်ပဲ ထွက်ခွာနေရ
DVB
·
March 15, 2024
express 1532024

ခရီးသွားရာသီကာလ ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဂိတ်မှာရှိတဲ့ ယာဉ်လိုင်းတွေဟာ ခရီးသည်အပြည့်မရဘဲ ထွက်ခွာနေရတဲ့အခြေအနေဖြစ်တယ်လို့  အဆိုပါယာဉ်လိုင်းတွေထံက စုံစမ်းသိရှိရပါတယ်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာလာချိန်မှာ အဝေးပြေးယာဉ်လိုင်းတွေနဲ့ ခရီးသွားလာမှုလျော့ကျလာခဲ့ပြီး တချို့ယာဉ်လိုင်းတွေဆိုရင် ခရီးသည်အပြည့်မရပဲ ကုန်ပစ္စည်းတင်ပို့မှုကိုပဲ အဓိကထား ထွက်ခွာနေရတယ်လို့ သိရပါတယ်။

JJ Express ယာဉ်လိုင်းက ဝန်ထမ်းတဦးက“အခုတိုက်ပွဲတွေဖြစ်နေတဲ့နေရာနဲ့နီးတဲ့ မြို့ကိုသွားမယ်ဆိုရင်ပိုဆိုးတယ်။ အများဆုံး ၁၀ ခုံပဲ ရောင်းရတယ်။ လူမရတော့ ကုန်ရဖို့အားထားနေရတယ်”လို့ ပြောပါတယ်။

အခုရာသီဟာ ခရီးသွားရာသီဖြစ်ပေမဲ့ ပုံမှန်အခြေအနေထက် ခရီးသွားလာမှု လျှော့နည်းလာရတာဟာ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးတဲ့နောက် စစ်တပ်ဂိတ်တွေမှာ တင်းကျပ် စစ်ဆေးတာ၊ ဖမ်းဆီးတာတွေများလာတာ၊ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာတွေကြောင့် ဖြစ်တယ်လို့  ယာဉ်နောက်လိုက်တွေကသုံးသပ်ပြပါတယ်။

အောင်ဇေယျယာဉ်လိုင်းက ယာဉ်နောက်လိုက်တဦးက “ဂိတ်တွေမှာ ဖုန်းလုံးဝမကိုင်ရဘူး။ ကိုင်တာတွေ့ရင် တန်းဖမ်းတာ။ တချို့လမ်းတွေဆိုရင်လည်း ခရီးသည်က မိုင်းရှိနိုင်လား မေးတာမျိုးတွေရှိတယ်။ တိုက်ပွဲဖြစ်ရင် ဆက်သွားလို့ရပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိကြတယ်”လို့ ပြောပါတယ်။

ဒီလို ခရီးသည်အပြည့်မရ ကုန်ပစ္စည်းတင်ဆောင်မှု နည်းပါးတဲ့ယာဉ်လိုင်းတွေဟာ နေ့စဉ်ယာဉ်လိုင်းထွက်ခွာ နိုင်တာမရှိပဲ ခရီးသည်လက်မှတ်ဖြတ်တဲ့အပေါ်နဲ့ ကုန်ပစ္စည်းရရှိတဲ့အပေါ်မူတည်ပြီးမှသာ ထွက်ခွာတော့တယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013