Home
နိုင်ငံတကာ
ထိုင်းရေတပ်သင်္ဘော ၁ စီးမီးလောင်ပြီး ၉ ဦး ဒဏ်ရာရ 
DVB
·
March 15, 2024
thai 1532024

ထိုင်းအရှေ့တောင်ပိုင်း  ချွန်းပူးရီးခရိုင် ဆတ်တဟိပ်ဆိပ်ကမ်းမှာ မတ် ၁၄ ရက် နေ့လယ်က ခီရီရတ် (PF 432) တိုက်သင်္ဘောကြီးတစီးပေါ်မှာ မီးလောင်မှုဖြစ်ပွားပြီး ရေတပ်အရာရှိအရာခံ တပ်သားပေါင်း ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

မနက် ၁၁ နာရီ ၄၅ မိနစ်လောက် သင်္ဘောမီးလောင်တဲ့သတင်းကြားကြားချင်း မီးသတ်ကား ၄ စီးနဲ့ သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း၊ သင်္ဘောကြီးရဲ့  အနောက်ဘက်ကနေ လောင်ကျွမ်းနေပြီး သင်္ဘောကြီးဟာ ညာဘက်အခြမ်းကို တိမ်းစောင်းနေကြောင်း၊ နာရီဝက်ကြာ မီးငြှိမ်းသတ်ခဲ့ရပြီး သင်္ဘောထဲက ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးခဲ့ကြောင်း၊  ဒဏ်ရာရသူ ၉ ဦးရှိကာ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ဒဏ်ရာအများစုကတော့ မီးခိုးမွှန်ရာက ရခဲ့တာလို့  ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက သတင်းထောက်ကို ပြောပါတယ်။ 

သင်္ဘောကြီးမီးလောင်ရတဲ့အကြောင်းမှာ ကနဦးတွေ့ရှိချက်အရ ခီရီရတ်သင်္ဘောကြီးရဲ့ အနောက်မှာ ကမ်းကပ်ထားတဲ့ အမှတ် ၃၃၁ ချွန်းပူးရီးသင်္ဘောကြီးပေါ်မှာ ချိန်ရွယ်ထားတဲ့ ၇၆ မမ လက်နက်ကြီးက မတော်တဆဖြစ်ပြီး ခီရီရတ်သင်္ဘောကိုပစ်ထည့်လိုက်သလို ဖြစ်သွားတာ လို့ စစ်သင်္ဘောတာဝန်ရှိသူက ပြောပါတယ်။ 

ချွန်းပူးရီးသင်္ဘောဟာလည်း ထိုင်းရေတပ်ရဲ့ တိုက်သင်္ဘောတစီးဖြစ်ပြီး စစ်လေ့ကျင့်ရေးကအပြန်  သင်္ဘောဆိပ်မှာ ကျောက်ချထားကြောင်း၊ ၇၆ မမ လက်နက်ကြီးကျည် ပြင်ဆင်နေချိန်မှာ ပေါက်ထွက်တာလို့ ကနဦးသိရကြောင်း၊ ဒါပေမဲ့ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတရပ်ဖွဲ့ထားပြီး  လိုအပ်သလို ဆက်လက် စစ်ဆေးအရေးယူသွားမယ်လို့  ရေတပ်တာဝန်ရှိသူက ပြောပါတယ်။ 

ခီရီရတ် (PF 432) တိုက်သင်္ဘောကြီးမှာ အလျား ၈၂ ဒဿမ ၅ မီတာ အကျယ် ၉ ဒဿမ ၉ မီတာရှိပြီး အလေးချိန် ၁၁၃၈ တန်လေးကြောင်း၊  လေပြင် ရေပြင် နဲ့ ရေထဲတိုက်ခိုက်မှု ၃ မျိုးပါ လုပ်ဆောင်နိုင်တဲ့ သက်တမ်း နှစ်ပေါင်း ၅၀ ကျော်ရှိ တိုက်သင်္ဘောကြီးဖြစ်ပြီး အမေရိကန်နိုင်ငံ Norfolk Shipbuilding & Drydock ကော်ပိုရေးရှင်းက ထုတ်လုပ်တာဖြစ်ပါတယ်။ 

Source: Thai Rath

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024