နိုင်ငံ၏ အရှေ့မြောက်ဒေသတွင် ၁၀၂၇ ထိုးစစ်ကြီးနှင့်အတူ တဟုန်ထိုး အောင်မြင်မှုများ ရလာခဲ့သော တိုက်ပွဲအရှိန်အဟုန်သည် ရုတ်ခြည်း ထိုးကျသွားသော်လည်း ပြည်တွင်းစစ်ကြီး၏ ဗဟိုဆွဲအား centre of gravity သည် နိုင်ငံအနောက်ခြမ်းသို့ ဦးလှည့်လာခဲ့သည်။
ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့ဝင်လည်းဖြစ်သည့် ရက္ခိုင့်တပ်တော်သည် ရှမ်းမြောက်ဒေသကဲ့သို့ ၎င်းတို့ပြည်နယ်တွင်လည်း အာဏာသိမ်းတပ်များကို မောင်းထုတ်နိုင်ရန် နိုဝင်ဘာလလယ်မှစ၍ ထိုးစစ်ကြီးကို ရဲဝံ့ပြတ်သားစွာ မီးကုန်ယမ်းကုန် စတင်လာခဲ့သည်။
စစ်ကောင်စီအတွက် လွန်စွာ အန္တရာယ်ကြီးလှသည့် ဘေးကျပ်နံကျပ်အဖြစ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဘူမိပထဝီအားဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် ပြည်မအကြားရှိ လွန်စွာ အရေးပါလှသော ရခိုင်ပြည်နယ်ကို လက်လွှတ်လိုက်ရပြီဆိုက လက်ရှိ ပြည်တွင်းစစ်တွင် စစ်ကောင်စီအဖို့ မဟာဗျူဟာမြောက် ရှုံးနိမ့်သွားပြီ ဆိုသည်ကို ထုတ်ဖော်ဝန်ခံစရာပင် မလိုတော့အောင် ပေါ်လွင် ထင်ရှားလာပေတော့မည်။
ပြည်မဘက်တွင် တိုက်ပွဲများက ဟိုနေရာ ဒီနေရာလိုမျိုး ဆက်၍ ဖြစ်ပွားနေဦးမည် ဖြစ်သော်လည်း ရခိုင်ပြည်နယ်ကို လက်လွှတ်လိုက်ရခြင်းကြောင့် နေပြည်တော်ရှိ အာဏာသိမ်း အဖွဲ့ အလျှင်အမြန် ပြိုလဲသွားနိုင်သည့်အရေး သို့မဟုတ် အတွင်းမှ ပေါက်ကွဲထွက်လာမည့် အရေးက မည်သို့မျှ ရှောင်လွှဲ၍ရတော့မည် မဟုတ်ဟု ဘန်ကောက်အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ အန်တိုနီ ဒေးဗီစ်က အာရှတိုင်း စာစောင်တွင် “Myanmar's Junta in a make-or-break Rakhine Fight” ဆောင်းပါးတွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်များသည် အကယ်၍ AA အား ပွင့်လင်းရာသီကုန်မည့် မေလအထိ တောင့်ခံထားနိုင်မည်ဆိုလျှင် ၂၀၂၅ အထိ ဆက်၍ အသက်ဆက်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြစ်နိုင်ဖို့က အဓိကကျသည့် မြို့များကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများနှင့် ထိန်းထားနိုင်မှ ဖြစ်မည်။
အသက် ၄၅ နှစ်သာ ရှိသေးသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သော ရက္ခိုင့်တပ်တော်သည် မြောက်ပိုင်းရှိ စစ်ရေးလေ့ကျင့်ရာ စခန်းများမှ ၂၀၁၄-၁၅ အတွင်း ရခိုင်ပြည်နယ်အတွင်း စတင် ဝင်ရောက်လာခဲ့ရာမှ ဒေသခံလူထု၏ ထောက်ခံမှုကို ရရှိလာခဲ့သည်။ ၂၀၂၀-၂၀၂၃ အပစ်ရပ်ရေး သဘောတူညီချက်ဖြင့် အကျိုးများစွာ ဖြစ်ထွန်းလာခဲ့ပြန်သည်။
ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော အာရကန်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ကျေးလက်ဒေသများအား အခိုင်အမာ စည်းရုံးထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားကို ထူထောင်လာနိုင်ခဲ့သည်။
ရက္ခိုင့်တပ်တော်သည်လည်း လူငယ်များကို စည်းရုံးနိုင်ခဲ့ပြီး တိုက်ပွဲဝင်အနေအထား ရောက်အောင် လေ့ကျင့်ပေးနိုင်ခဲ့သည်။ ‘ဝ’ ပြည်နယ် တပ်တော်နှင့် ၎င်းတို့အား လေ့ကျင့်ပေးခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်တော် ပြီးလျှင် စနစ်အကျဆုံးနှင့် အထိရောက်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ကြီးအဖြစ် ထွက်ပေါ်လာခဲ့သည်။
ရက္ခိုင့်တပ်တော်တွင် အင်အား ၃၀,၀၀၀ အထိ ရှိလာခဲ့ပြီဟု ဆိုသည်။ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ရခိုင်နှင့် ချင်းပြည်နယ်များအတွင်း အနည်းဆုံး တပ်ဖွဲ့ဝင်အင်အား ၁၅,၀၀၀ အထိ ပါဝင် တိုက်ခိုက်နေပြီဖြစ်သည်။ ကချင်နှင့် ရှမ်းဒေသဘက်တွင် တပ်အင်အား ၁,၅၀၀ ခန့် ချန်လှပ်ထားခဲ့သည်။
ကချင်ပြည်နယ်မှ ကီလိုမီတာ ၆၀၀ ခန့်ဝေးသော ရခိုင်သို့ ထောက်ပို့လမ်းကြောင်းအတွက် အခက်အခဲများ ရှိနေခဲ့သော်လည်း ကုလားတန်မြစ်ဝရှိ ပလက်ဝမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ထောက်ပို့လမ်းကြောင်း ပွင့်သွားပြီး လက်ရှိ ထိုးစစ်ကြီးအတွက် အထောက်အကူများစွာ ရသွားခဲ့သည်။
အကယ်၍ ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့သည် ရှမ်းမြောက်ဒေသတွင် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ၊ လေယာဉ်ပစ် စက်သေနတ်များကို စစ်ကိုင်းနှင့် မကွေးတိုင်း တောင်ပိုင်းကို ဖြတ်၍ အောင်မြင်စွာ ပေးပို့နိုင်ရေးအတွက် ပလက်ဝနှင့် ကုလားတန်မြစ်သည် လာမည့်လများအတွင်း လွန်စွာအရေးပါသည့် ထောက်ပို့လမ်းကြောင်းများ ဖြစ်လာပေလိမ့်မည်။
ယခုအခါ ရက္ခိုင့်တပ်တော်သည် စိတ်ဓာတ်ရေးရာအရ အမြင့်မားဆုံး အနေအထား ရောက်လာနေသော်လည်း မသိနိုင်သေးသည့် အကြောင်းနှစ်ရပ်က ရှိလာနေသည်။
ပထမအကြောင်းက တပ်ဖွဲ့စည်းပုံနှင့် သက်ဆိုင်နေသည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် တပ်ရင်းတရင်းစာ အင်အားရှိ တပ်များကို လျှင်မြန်စွာ ရွေ့လျားနိုင်မည့် တပ်ဖွဲ့များအဖြစ် ပြောင်းလဲနိုင်မည်လော ဆိုသည်ပင် ဖြစ်သည်။ သို့မှသာ ပြည်နယ်အနှံ့ ဦးစားပေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နိုင်မည်ဖြစ်ပြီး မြို့နယ်အဆင့် နယ်မြေလုံခြုံရေးကို တာဝန်ယူရမည့်အဖွဲ့များ သီးခြားထားရှိ ဖွဲ့စည်းနိုင်ရမည် ဖြစ်သည်။ ထိုကဲ့သို့ အဖွဲ့များသည် အဓိက တိုက်ခိုက်ရေးတပ်များကဲ့သို့ အပြည့်အဝ လေ့ကျင့်ထားစရာ မလိုအပ်ပေ။
ဒုတိယတကြောင်းက မဟာဗျူဟာပိုင်း ဖြစ်သည်။ စစ်ရေး လေ့လာသုံးသပ်သူများက ယုံကြည်နေကြသည်မှာ AA သည် စစ်တွေအား ဝိုင်းပတ်ပြီး သိမ်းယူကာ စစ်ကောင်စီအား တချီတည်းဖြင့် အလဲထိုးလိမ့်မည်ဟု ယုံကြည်နေကြသည်။
အန္တရာယ်လည်း သိပ်မများလှဟု ပြော၍ရမည့် နောက်ထပ်ဗျူဟာတခုက စစ်တွေကို ချန်လှပ်ထားပြီး အင်အားချည့်နဲ့သည့် ပတ်ဝန်းကျင်မြို့များကို အရင်သိမ်းယူရေးပင် ဖြစ်သည်။
လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ဆက်လက်၍လည်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA က ဆိုထားသည်။
ထိုကဲ့သို့ဖြစ်လာရန် စစ်ကောင်စီတပ်များအား အရင်ခွဲထုတ်နိုင်မှဖြစ်မည်။ အထူးသဖြင့် လေကြောင်းပစ်ကူကို အားနည်းသွားစေရန် ဖြစ်သည်။ ထို့အတွက် စနစ်တကျ ညှိနှိုင်းပြီး နေရာအနှံ့ တပြိုင်တည်းလိုလို တိုက်နိုင်မှ ဖြစ်ပေမည်။ AA အဖို့ကား ထိုသို့ တခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိ ဖြစ်နေသည်။
ရခိုင်ပြည်နယ်သည် ဆင်းရဲသောပြည်နယ်ဖြစ်၍ မြန်မာစစ်တပ်အတွက် တပ်သားသစ် စုဆောင်းရန်နှင့် လိုအပ်လျှင် လိုအပ်သလို အကာအကွယ်မဲ့ ရိုဟင်ဂျာ မွတ်စလင်များကို မောင်းထုတ်ရန်လောက်သာ စိတ်ဝင်စားခြင်းခံရသည့် ပြည်နယ်လည်း ဖြစ်သည်။
စစ်ကောင်စီတွင် တပ်မအဆင့် အင်အားရှိ စစ်ဆင်ရေးဌာနချုပ်များ ဘူးသီးတောင်၊ ကျောက်တော်နှင့် တောင်ကုတ်မြို့များတွင် အခြေစိုက်ထားသည်။ စစ်တွေတွင် ဒေသစစ်ဆင်ရေးဦးစီးဌာနချုပ် (ဒကစ) နှင့် ပြည်နယ်၏ အလယ်ဗဟိုဖြစ်သော အမ်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖွင့်လှစ်ထားသည်။ ထောက်ပို့တပ်များအဖြစ် နယ်ခြားစောင့် ရဲအဖွဲ့နှင့် ရေတပ်စခန်း ရှိနေသည်။
၂၀၂၀ အစောပိုင်း AA နှင့် တိုက်ပွဲများ ပြင်းထန်လာနေချိန်တွင် ပြည်နယ်ပြင်ပမှ ခြေမြန်တပ်ရင်း ၁၀ ရင်းခန့်မှ အင်အားများ ထုတ်နုတ် အားဖြည့်လာခဲ့သည်။ ရေတပ်နှင့် လေတပ်ကိုလည်း ဖြန့်ချလာခဲ့သည်။ ၂၀၂၀ နိုဝင်ဘာနှင့် ၂၀၂၃ နိုဝင်ဘာအကြား အပစ်ရပ်ကာလ အတွင်းတွင်လည်း တပ်အင်အားကို လျှော့ချခဲ့ခြင်းမရှိပေ။
ယခုအခါ စစ်ကောင်စီသည် AA နှင့် တပ်အင်အားအရ အကြမ်းဖျဉ်း ညီမျှသည့် တိုက်ပွဲဝင် အသင့်အနေအထား တပ်ဖွဲ့ဝင် ၁၅,၀၀၀ ခန့် မစုစည်းနိုင်ခဲ့လျှင် အံ့အားသင့်ဖွယ်သာ ဖြစ်ပေလိမ့်မည်။
သီအိုရီအရ ထိုးစစ်ဘက်မှ ခံစစ်ထက် အင်အား သုံးချိုးတချိုး သာနေမှ ဖြစ်ပေမည်။ ယင်းသည် AA အတွက် မနိုင်ရင်ကာ ဖြစ်နေ၍ လျှင်မြန်စွာ ရွေ့လျားစစ်ဆင်နိုင်ဖို့ ပို၍ လိုအပ်လာနေသည်။
ရခိုင်သည် ပထဝီအနေအထားအရ ရန်ကုန်၊ ပုသိမ်တို့နှင့် ကပ်နေ၍ ပင်လယ်ဘက်နှင့် လေကြောင်းမှ အင်အားဖြည့်တင်းနိုင်နေသည်။
သို့သော် တိုက်ပွဲများတွင် မကြာခဏ အရေးပါနေသည့် စိတ်ဓာတ်အင်အားကိုမူ ခန့်မှန်း၍ မလွယ်ကူလှပေ။ သို့သော် ရှမ်းမြောက်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်များ အလဲထိုးခံခဲ့ရသဖြင့် ရခိုင်တွင်လည်း ထိုသို့ ပြိုလဲသွားနိုင်သည့် အတိုင်းအတာကို ထည့်မတွက်၍ မဖြစ်ပြန်ပေ။
စစ်တပ်သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ အားအင်ချည့်နဲ့လာနေပြီး တခါက ရှိခဲ့ဖူးသည့် ယုံကြည်မှုဆိုသည့် စိတ်ဓာတ်အင်အားများ ကုန်ခန်းလာနေပြီဖြစ်၍ ရခိုင်ကို ကြာရှည် ထိန်းထားနိုင်တော့မည် မဟုတ်ပေ။ ရခိုင်တိုက်ပွဲသည် မြန်မာတို့ နောက်ထပ် မည်မျှကြာကြာ ဒုက္ခသုက္ခများ ခံရဦးမည်ကို အဆုံးအဖြတ် ပေးလာတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ