Home
ဆောင်းပါး
ကျိုက်ထီးရိုးဘုရားပေါ်က အလှူခံဓားပြများ
DVB
·
March 15, 2024
Article_MyintMyatThu_15032024

ကျိုက်ထီးရိုးတောင်ခြေအောက်က စစ်တပ်နဲ့ ရဲပေါင်းပြီး ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်မှာ ဘုရားဖူးခရီးသည်တွေ ဘုရားဖူးဖို့ စာရင်းပေးနေကြပါတယ်။ စစ်ရေးဆေးဂိတ်ရဲ့ အနောက်က ဓမ္မာရုံပုံစံ တိုက်ထဲမှာတော့ ရဲတွေနဲ့ စစ်သားတွေကို အိပ်လျက် ထိုင်လျက် ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။

ဓမ္မာရုံပုံစံတိုက်ရဲ့ အရှေ့မှာရော အထဲမှာပါ သဲအိတ်တွေ ကာရံထားတဲ့ ဘန်ကာနှစ်လုံး ရှိပါတယ်။ တိုက်နဖူးစီးမှာ “ဘုရားနယ်မြေဖြစ်တဲ့အတွက် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုရန်” သတိပေးစာ ကပ်ထားတာ တွေ့ရပါတယ်။

စစ်ဆေးရေးဂိတ် ဘန်ကာထဲမှာတော့ စိန်ပြောင်းကျည်တွေကို လွယ်ထားပြီး ပစ်ခတ်ဖို့ အသင့်ပြင်ထားတဲ့ ဒုတပ်ကြပ်တယောက်ကို တွေ့ရပါတယ်။ ဘုရားဖူးခရီးသွားတွေက မှတ်ပုံတင် ထောက်ခံစာတွေကို အသီးသီးယူဆောင်ပြီး မှတ်တမ်းရေးတဲ့ ရဲဆီကို စာရင်းသွားပေးရပါတယ်။

မှတ်တမ်းယူနေတဲ့ ရဲနောက်က အခန်းမှာတော့ ရဲနှစ်ယောက်က ဘုရားဖူးလာတဲ့သူတွေကို စောင့်ကြည့်နေပါတယ်။

လူ ငါးဆယ် တရာလောက် ဖြစ်လာတဲ့အခါ အရမ်းမစိစစ်တော့ဘဲ ဘုရားဖူးလာတဲ့သူတွေထဲက တယောက်ကသာ ဦးဆောင်ပြီး စာရင်းသွားပေးရပါတယ်။

“အရင်က အဲဒီလောက်မစစ်ဘူး၊ PDF တွေ ဗုံးနဲ့လာပစ်ပြီးတော့ အခုလိုဖြစ်သွားတာ။ အခုတော့ အဲ့ပြဿနာတွေ မရှိတော့ပါဘူး” လို့ လည်ကတုံးဝတ်ထားတဲ့ အသက်ခြောက်ဆယ်ကျော်အရွယ် အမျိုးသားတဦးက ခရီးသွားတွေကို ပြောပါတယ်။

သူ့ပုံစံမှာ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့က ဖြစ်ဟန်တူပြီး ပါးစပ်ထဲမှာ ကွမ်းအပြည့် စားထားပါတယ်။

ရဲတွေရဲ့ စစ်ဆေးမှုခံယူပြီးတဲ့ ဘုရားဖူးခရီးသွားတွေဟာ ရင်ပြင်ပေါ်တက်ဖို့အတွက် ကားစီးဖို့ တောင်တက်ကားဂိတ်မှာ နေရာယူရပါတယ်။ စစ်ဆေးရေးဂိတ်နဲ့ တောင်တက်ကားဂိတ်မှာ ခြေလှမ်းဆယ်လှမ်းခန့်သာ လျှောက်ရပြီး အလှည့်ကျထွက်မယ့် တောင်တက်ကားကို စီးရတာဖြစ်ပြီး တယောက်ကို ၅,၀၀၀ ကျပ်ပေးရကာ လူပြည့်တာနဲ့ ထွက်ပါတယ်။

လူပြည့်တာနဲ့ တောင်တက်ကားထွက်ပြီး ဓာတ်ပေါင်းစု စေတီတော်ကျော်တာနဲ့ ကားသမားက ရပ်ပေးပြီး ကားဘေးဝဲယာနဲ့ ကားအနောက်ကနေ လည်ကတုံး လက်တို၊ လက်ရှည် ဝတ်ထားပြီး ငွေဖလားကိုင်ထားတဲ့ အမျိုးသား သုံး ယောက် တက်လာပါတယ်။

ကျိုက်ထီးရိုးဘုရားသမိုင်း အတိုချုံးပြောပြီး ဓာတ်ပေါင်းစုစေတီတော်ကြီးအတွက် အလှူခံပါတယ်။ အလှူငွေကို ကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ အထိ သတ်မှတ်ချက်နဲ့ အလှူခံပါတယ်။

ဘုရားဖူးတွေက ကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ အထိ ထည့်ကြသူတွေရှိသလို လုံးဝမထည့်တဲ့ ဘုရားဖူးတွေလည်း ရှိပြီး အလှူငွေရပြီးနောက် မထည့်တဲ့ဘုရားဖူးတွေနားကို ထပ်မံပြီး အလှူငွေ မထည့်မချင်း အလှူခံပါတယ်။ နောက်ဆုံး လူငယ်စုံတွဲတတွဲက ၅၀၀၀ ထည့်လိုက်မှ အလှူခံသူ သုံး ယောက် ပြန်ဆင်းသွားကာ ကားသမားက ဆက်လက်မောင်းနှင်ပါတယ်။

“ဒါ အစပဲရှိသေးတယ်၊ ရင်ပြင်ပေါ်တောင် မရောက်သေးဘူး။ ကျိုက်ထီးရိုးဘုရားလာလို့ အလှူခံတွေ့တိုင်း လှူရရင် ခွက်ပါဆွဲရတယ်၊ မလှူချင်လို့ မဟုတ်ဘူး၊ လှူချင်တန်းချင်လို့ ဘုရားလာတာ ကိုယ် စေတနာရှိသလောက်မယ် တရာလည်း ဖြစ်ချင်ဖြစ်မယ်၊ တသိန်းလည်း ဖြစ်ချင်ဖြစ်မယ်။ အခုဟာက သတ်မှတ်ချက်ကြီးနဲ့ အလှူခံတာ” လို့ ကျိုက်ထီးရိုးဘုရားကို သုံးကြိမ်တိုင် လာရောက်ခဲ့သူတဦးက ပြောပါတယ်။

မြင့်မြတ်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013