လာမယ့် သင်္ကြန်ရုံးပိတ်ရက်မှာ နေရပ်ပြန်မယ့်သူတွေအတွက် ယာဥ်လိုင်းတချို့က ကြိုတင်လက်မှတ်တွေ စရောင်းပေးနေပေမယ့် စုံစမ်းဝယ်ယူသူနည်းနေသေးတယ်လို့ သက်ဆိုင်ရာ အဝေးပြေးလိုင်းတွေဆီက သိရပါတယ်။
သင်္ကြန်ရုံးပိတ်ရက်အတွက် အရင်နှစ်တွေနည်းတူ မတ်လလယ်ကစပြီး ကြိုတင်လက်မှတ်ရ ရောင်းတာဖြစ်ပေမဲ့ စုံစမ်းမေးမြန်းသူ နည်းနေသေးတာကြောင့် ခရီးသွားအခြေအနေ ခန့်မှန်းမရသေးဘူးလို့ အဝေးပြေးယာဥ်လိုင်းဂိတ်ကနေ သိရပါတယ်။
ရန်ကုန်မှ မကွေးပြေးဆွဲနေတဲ့ယာဥ်လိုင်း တာဝန်ခံတဦးက "ကြိုတင်လက်မှတ်စရောင်းတဲ့ဂိတ်က ရောင်းနေပြီ။ အခြေအနေစောင့်ကြည့်နေသေးတဲ့သူတွေလည်းရှိတယ်။ လက်မှတ်စုံစမ်း တာတွေလည်း ရှိပေမဲ့ သိပ်များများစားစား မဟုတ်သေးဘူး"လို့ ပြောပါတယ်။
ယာဥ်လိုင်းအများစုကတော့ ခရီးသွားအခြေအနေကို စောင့်ကြည့်ပြီး မတ်လ ၂၀ ရက်လောက်မှပဲ ကြိုတင်လက်မှတ်ရောင်းပေးဖို့ ပြင်ဆင်နေတယ်လို့လည်း စုံစမ်းသိရပါတယ်။
မြတ်မန္တလာထွန်းယာဥ်လိုင်း လက်မှတ်အရောင်းဝန်ထမ်းတဦးက "သင်္ကြန်ပိတ်ရက်အတွက် ဆိုရင် ၂၀ ရက်နေ့မှ ရောင်းမှာပါ။ ဂိတ်မှာ လူကိုယ်တိုင်လာဝယ်မှရပါမယ်"လို့ ပြောပါတယ်။
အဝေးပြေးယာဥ်လိုင်းတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါမတိုင်ခင်က သင်္ကြန်ပိတ်ရက်အတွက် ကြိုတင်လက်မှတ်တွေကို မတ်လဆန်းပိုင်းကတည်းက ရောင်းချခဲ့ရပြီး ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းကာလတွေမှာ ခရီးသွားလျော့နည်းမှုနဲ့ ကြုံလာရတာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဒေသအနှံ့စစ်ပွဲတွေရှိနေပြီး လုံခြုံရေးတင်းကျပ်မှုတွေရှိတာ၊ နယ်တွေမှာ လုံခြုံရေးအားနည်းတဲ့အခြေအနေကြောင့် ခရီးသွားလာမှု ပိုနည်းနိုင်တယ်လို့ ယာဥ်လိုင်းတချို့က ခန့်မှန်းပါတယ်။
ဒါ့အပြင် သင်္ကြန်ပိတ်ရက်အလွန်မှာ စတင်မယ့် စစ်မှုထမ်းသင်တန်းပေးမယ့် အစီအစဥ်ကြောင့် ခရီးသွားအခြေအနေက ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောရခက်နေသေးတယ်လို့ ယာဥ်လိုင်းတာဝန်ရှိသူတချို့က ပြောပါတယ်။