စစ်ကိုင်းတိုင်း၊ ကနီမြို့နဲ့ ကနီမြို့အနီးရှိ ညောင်ပင်ဝန်းရွာကို စစ်ကောင်စီက မတ် ၁၃ ရက်နဲ့ ၁၄ ရက်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ ကနီမြို့တိုက်ပွဲကို ရေဦးမြို့ကနေ လာရောက်ပြီး စစ်ကူလာပေးတဲ့ ဘီလူးစစ်ကြောင်းမှာ ပါဝင်တဲ့ စစ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “ကနီမြို့ကတော့ မတ်လ ၁၃ ရက် ညပိုင်း ၈ နာရီခွဲက စရှို့တာဗျ။ မီးစရှို့တာက အမှတ် ၁ ရပ်ကွက်က စရှို့တာ။ ကျနော်တို့ထင်တာက နိုင်ငံရေးလုပ်တဲ့ ဦးဇာနည်သွေး၊ ဦးအောင်ဆွေ၊ ဦးကျော်ဇေထွန်း၊ ကိုထက်၊ ကိုပြည့်အောင်နိုင် အဲဒီအိမ်တွေ ရှို့တာလို့ပဲ ထင်မိတယ်။ ကျန်တဲ့ ပြည်သူတွေအိမ် မီးရှို့တာ မဟုတ်ပါစေနဲ့လို့ဘဲ ဆုတောင်းနေရတယ်။ အခု မတ်လ ၁၄ ရက်နေ့ကျတော့ ကနီမြို့အရှေ့ဘက် ကပ်ရက်ရှိတဲ့ ညောင်ဝန်းရွာကို နေ့ခင်း ၁၁ နာရီကျော်မှာ စရှို့နေတယ်ဗျ။ အိမ်ဘယ်နှစ်လုံး လောင်တယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကနီမြို့ကို မတ် ၁၁ ရက် ညပိုင်းမှာ ပြန်လည်ထိန်းချုပ်ပြီး အခုလို ကနီမြို့နဲ့ ကနီမြို့အနီးက ညောင်ပန်ဝန်းကျေးရွာကို မီးရှို့နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကနီမြို့နဲ့ ညောင်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်က ထိန်းချုပ်ပြီး စစ်သားတွေ ပြန်လည်မထွက်ခွာသေးတာကြောင့် မီးလောင်ဆုံးရှုံးရတဲ့ အသေးစိတ် အရေအတွက်ကို DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကနီပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တဦးက “ကျနော်တို့နဲ့က တိုက်ပွဲမဖြစ်တော့ဘူး။ သူတို့ရှို့ချင်လို့ကို သက်သက် ပြည်သူဒုက္ခပေးချင်လို့ကို ရှို့တာ။ တိုက်ပွဲအချိန်ကလည်း ကြာမြင့်လာတာရယ်၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေ များနေတာကြောင့် ကျနော်တို့ နောက်ဆုတ်ပေးခဲ့တာပါ။ ရွာတွေကို မီးရှို့တာကတော့ သူတို့သဘောနဲ့သူတို့ ရှို့နေတာပဲ” လို့ ပြောပါတယ်။
ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်က မတ် ၂ ရက် မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ် ၁၁ ရက် ညပိုင်းမှာ ကနီမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ကြ ပါတယ်။