Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် စစ်သင်္ဘောမှပစ်သည့် လက်နက်ကြီးကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
DVB
·
March 15, 2024
wap 1532024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ မတ် ၁၄ ရက် မနက်ပိုင်းက စစ်တွေမြစ်ဝမှာရပ်ထားတဲ့ စစ်ကောင်စီ ရေတပ်သင်္ဘာက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား သုံးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ ပေါက်တောမြို့နယ် ဆယ်သိန်းတန်ကျေးရွာက ဦးစိန်ထွန်းကျော်၊ ကိုဦးလှမောင်၊ ကိုမောင်လှချေတို့ ဖြစ်ပြီး သူတို့အပါအဝင် ပြည်သူ ၁၄ ဦးဟာ ပုဏ္ဏားကျွန်းမြို့ကို ရောက်ရှိနေစဉ် လက်နက်ကြီးကျည်စ ပေါက်ကွဲထိမှန်သွားတာပါ။

ပုဏ္ဏားကျွန်းမြို့မှ လူငယ်တဦးက “စစ်တွေမြစ်ဝမှာ ရပ်ထားတဲ့ ရေတပ်ကနေ ပုဏ္ဏားကျွန်းမြို့ကို လှမ်းပစ်လိုက်တာမှာ လက်နက်ကြီးကျည် ပေါက်ကွဲပြီးတော့ တယောက်ကတော့ နေရာတွင်ပဲ ပွဲချင်းပြီး သေသွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဆေးရုံကိုသွားတဲ့လမ်းမှာ သေသွားတယ်၊ ကျန်တဲ့ ဒဏ်ရာအပြင်းအထန်ရသူတွေကိုတော့ ဆေးကုထားတယ်။ သေသွားတဲ့သူတွေကိုတော့ သင်္ဂြိုဟ်ဖို့ ယူသွားကြပြီ” လို့ ပြောပါတယ်။

ရေတပ်စစ်သင်္ဘောပေါ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒဏ်ရာရရှိတဲ့ အပြစ်မဲ့ပြည်သူ ၁၁ ဦးဟာ ခြေလက်တွေပါ ပြတ်ကုန်ပြီး လက်ရှိမှာ အရေးပေါ် ဆေးဝါးကုသမှုတွေကို ခံယူနေရတယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသမီးတဦးက “မြို့ထဲကို AA ကနေ သိမ်းထားတော့ လေကြောင်းကနေတမျိုး၊ စစ်တွေဘက်ကနေ လက်နက်ကြီးနဲ့ပါ နေ့တိုင်းလိုလို ပစ်နေတယ်။ မြို့ထဲမှာကျန်ခဲ့တဲ့ အိမ်တွေဆိုရင်လည်း အကုန်ပျက်စီးကုန်ပြီ။ လူ‌တွေလည်း ဗုံးခိုကျင်းထဲ အမြဲဝင်နေရတယ်။ လက်နက်ကြီးက ပစ်လိုက်၊ လေယာဉ်နဲ့လာပစ်လိုက်နဲ့ ပုဏ္ဏားကျွန်းမြို့က မြို့ပျက်တခုလိုဖြစ်သွားပြီ။ မြို့ထဲမှာလည်း ဘယ်နှစ်ယောက်ကသေလို့ အလောင်းဘယ်နှစ်လောင်း ရှိနေပြီလဲ မသိတော့ဘူး” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်က မတ် ၄ ရက်မှာ ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီဘက်က ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ နေအိမ်၊ ကျောင်း၊ အဆောက်အအုံတွေနဲ့ ပြည်သူတွေနေထိုင်တဲ့ နေရာတွေအပြင် သမိုင်းဆိုင်ရာ အမွေအနှစ်တွေရှိတဲ့ နေရာတွေကိုပါ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့ကို AA ကအပြည့်အဝ ချုပ်ထိန်းထားပေမဲ့ လက်နက်ကြီးအန္တရာယ် အပါအဝင် မိုင်းအန္တရာယ်တွေ ရှိသေးတာကြောင့် ပုဏ္ဏားကျွန်းမြို့ကနေ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေဟာ အခုချိန်ထိ မြို့ထဲကို ဝင်ခွင့်မရသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်တဝန်းမှာ အရပ်သားပြည်သူသေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုဟာ တရက်ထက်တရက် ပိုတိုးလာပြီး ဖေဖော်ဝါရီ ၁၃ ရက်အထိ ရခိုင်ပြည်နယ်တဝန်းမှာ လက်နက်ကြီး လက်နက်ငယ် အပါအဝင် လေကြောင်း၊ မိုင်းအန္တရာယ်တွေကြောင့် ထိခိုက်သေဆုံးသူ ၁၁၁ ဦးထိရှိပြီး ဒဏ်ရာရရှိသူ ၃၅၇ ဦးထိရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013