Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်တွင် PNLA က တပ်သားစုဆောင်း
DVB
·
March 15, 2024
si 1532024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ကျေးရွာ ၁၅ ရွာကျော်ကနေ စစ်သားတွေ စုဆောင်းနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဆီဆိုင်မြို့အရှေ့ဘက် တောင်းတပ်၊ နောင်ဟုဲင်း၊ ထီတခေါ့၊ မီရဲ့၊ ပွဉ်ရင်း၊ ထီဖွ၊ သေင်းဖြီနာ၊ ဒုံလီတန်၊ ထီရီး၊ ထီလုံးဟီး၊ ထီသုံနဲ့ နောင်ဗို(ကန်တော်လေး) စတဲ့ ကျေးရွာတွေမှာ ကျေးရွာအိမ်ခြေ အနည်းအများပေါ် မူတည်ပြီး တရွာကို အနည်းဆုံး ငါးယောက်ကနေ ၁၅ ယောက်အထိ အတင်းအဓမ္မ ခေါ်ယူနေတာပါ။

တောင်းတပ်ရွာမှ အမျိုးသားတဦးက “ကျနော်တို့က အိမ်ခြေများတော့ လူ ၁၅ ယောက်တောင်းတယ်။ လူပို့ပေးဖို့ကို ရွာလူကြီးတွေနဲ့ စစ်သားတွေက အစည်းအဝေးလုပ်ကြတာ။ ရွာဘက်က ပိုက်ဆံပဲထည့်ပေးဖို့ တောင်းဆိုပေမဲ့ သူတို့က လက်မခံဘူး၊ လူပဲပို့ခိုင်းတယ်။ ကျနော်တို့က ခုနှစ်ယောက်ပဲ ပို့ပေးတယ်။ ဗန်းမက်ရွာထိ သွားပို့ပေးရတယ်” လို့ ပြောပါတယ်။

PNLA က မဲနှိုက်တဲ့စနစ်နဲ့ လူပို့ခိုင်းပြီး မဲကျတဲ့သူက အိမ်မှာမရှိရင် ပြန်လာဖို့၊ ပြန်မလာရင် နေအိမ်နဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာ၊ တောင်ယာ၊ ခြံတွေကိုပါ သိမ်းယူမယ်လို့ ရွာသားတွေကို ပြောဆိုခဲ့ပါတယ်။

တောင်ရှေ့ကျေးရွာအုပ်စုမှ အမျိုးသားတဦးက “ကျနော်တို့က ရွာထဲမှာ အဲလိုသွားမယ်ဆိုရင် တဦးကို ငွေ သိန်း ၁၀၀ ပေးမယ်၊ သွားပြီးလို့ ၂ နှစ် ၃ နှစ် ပြန်မလာဘူးဆိုရင်လည်း ကျန်တဲ့မိသားစုတွေကို ငွေပေးမယ်လို့ ပြောပြီး လူပို့ရတယ်။ အဲ့ငွေအတွက် မသွားတဲ့အိမ်တွေက တနှစ်ကို ပိုက်ဆံ ၇ သိန်း ကျေးရွာလူကြီးကို ထည့်ပေးရတယ်။ အဲလိုသွားတဲ့လူတွေကိုလည်း ကျနော်တို့ အခုထိ အဆက်အသွယ်မရသေးဘူး။ ဘာဖုန်းမှ ဘာပစ္စည်းမှတောင် ယူသွားလို့မရဘူး” လို့ ပြောပါတယ်။

PNLA က ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အခုလက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဌာနချုပ်ကတော့ ဆီဆိုင်မြို့နဲ့ မိုင် ၂၀ ကျော်အကွာက မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ဗန်းမက်ရွာအနီးမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024