Home
မြန်မာသတင်း
ကာမိုင်းမြို့ အဝင်အထွက်လမ်းကို စစ်ကောင်စီတပ်က ပိတ်
DVB
·
March 15, 2024
Kar 1532024

ကချင်ပြည်နယ်၊ ကာမိုင်းမြို့ အဝင်အထွက်လမ်း ဖြတ်သန်းခွင့်ကို စစ်ကောင်စီတပ်က မတ် ၁၄ ရက် မနက်ပိုင်းကစပြီး ပိတ်ထားလိုက်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေရှိတဲ့အတွက် ဒေသခံတချို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြလို့ စစ်ကောင်စီတပ်က တိမ်းရှောင်မရအောင် အဝင်အထွက်လမ်းတွေ ပိတ်လိုက်တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “စစ်တပ်နဲ့ KIA နဲ့က ဘယ်တော့ တိုက်ပွဲထဖြစ်မလဲဆိုတာ မသိရဘူး။ တိုက်ပွဲဖြစ်နိုင်ချေတွေ ရှိလာတဲ့အတွက် တချို့တွေလည်း တိမ်းရှောင်နေကြပြီ။ အဲ့လို တိမ်းရှောင်လို့ ဆိုပြီး မနက် ၁၀ နာရီလောက်က မြို့ဝင်မြို့ထွက်လမ်းတွေကို စစ်တပ်က ပိတ်လိုက်ပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကာမိုင်းမြို့ အဝင်အထွက်လမ်းတွေကို ဖြတ်သန်းသွားလာခွင့်မရအောင် ပိတ်ဆို့တားဆီးတာဟာ တိုက်ပွဲတွေဖြစ်လာရင် အရပ်သားပြည်သူတွေကို အကာအကွယ်ယူဖို့ ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပြောဆိုပါတယ်။

ကာမိုင်းမြို့အဝင် လမ်းသုံးခွ လမ်းဆုံ ထွယ်ဆန်ယန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကောင်ရာကျေးရွာ မူလတန်းကျောင်း နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အထိုင်ချ နေရာယူထားကြတာပါ။

ကာမိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA/PDF တို့ စစ်ရေးတင်းမာမှု မကြာခဏ ဖြစ်နေပြီးနောက် လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကျပ်ထားပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ် ၃၀ ရက်က စစ်ဆေးရေးဂိတ်ကနေ စစ်ဆေးမှုခံယူအပြီး ဖြတ်သန်းလာတဲ့ ကားတစီးကို သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် ယာဉ်မောင်း ကိုမိုက်မိုက် ဆိုသူ သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024