Home
မြန်မာသတင်း
အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက် စစ်ကောင်စီချိုးဖောက်ဟု ILO စစ်ဆေး တွေ့ရှိ
DVB
·
March 15, 2024
Myanmar-Workers-Right

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနဲ့ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရပြဋ္ဌာန်းချက်တွေကို မြန်မာစစ် အာဏာပိုင်တွေက ကျယ်ပြောစွာ ချိုးဖောက်ထားတာတွေကို တွေ့ရှိထားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခု၊ ဖေဖော်ဝါရီကတည်းက စစ်ဖက်အာဏာပိုင်တွေရဲ့ အပြုအမူတွေဟာ အခြေခံပြည်သူ့အခွင့်အရေးတွေ၊ အလုပ်သမားသမဂ္ဂရဲ့ အခွင့်အရေးတွေ ကျင့်သုံးမှုအပေါ် ကန့်သတ်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေပြီး သမဂ္ဂဝင်တွေကို သမဂ္ဂရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်စွမ်းမရှိတော့အောင် ဖြစ်စေတယ်လို့လည်း ကော်မရှင်က ကောက်ချက်ချထားပါတယ်။

အဲဒီလိုအပြုအမူတွေက လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနဲ့ စုဝေးခွင့်ဆိုင်ရာပြဋ္ဌာန်းချက် ၁၉၄၈ အမှတ် ၈၇ အရ မြန်မာနိုင်ငံက လိုက်နာဖို့ ရှိတဲ့တာဝန်တွေကို ချိုးဖောက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခအခြေအနေမှာ စစ်တပ်က ပုံစံမျိုးစုံသော အဓမ္မအလုပ် ခိုင်းစေမှုတွေကို အသုံးပြုနေတာကြောင့် မြန်မာနိုင်ငံဟာ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် ၁၉၃၀ အမှတ် ၂၉  အရ လိုက်နာရမယ့် တာဝန်တွေကို မလိုက်နာကြောင်း တွေ့ရှိရတဲ့အပြင် အဓမ္မလုပ်အား၊ ဒါမှမဟုတ် မလုပ်မနေရခိုင်းစေမှုတွေ မဖြစ်ပွားအောင် တားဆီးတဲ့ လုံလောက်တဲ့ အပြစ်ပေးအရေးမှုတွေလည်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ မြန်မာစစ်ဘက်အာဏာပိုင်တွေအနေနဲ့ အဆိုပါပြဋ္ဌာန်းချက်နှစ်ခုကို စံတင် လောက်အောင် ချိုးဖောက်နေမှုတွေကို ရပ်တန့်ဖို့၊ နောက်ထပ်နှိပ်စက်ညှဉ်းပန်းမှုတွေကို တားဆီးဖို့အတွက် “ချက်ချင်းအရေးယူဆောင်ရွက်” ဖို့ ကော်မရှင်က တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ် ဆေးရေးကော်မရှင်ကိုတော့ ၂၀၂၁ ခု ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်အာဏာပိုင်တွေက အာဏာလွှဲပြောင်းရယူပြီး  ဒီမိုကရေစီ ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို နှိမ်နင်း ဖိနှိပ်မှုတွေ ပြုလုပ်ပြီးနောက်  အိုင်အယ်လ်အိုအုပ်ချုပ်မှုအဖွဲ့က ၂၀၂၂  ခု မတ်လမှာ ဖွဲ့စည်းခဲ့တာပါ။

သမဂ္ဂခေါင်းဆောင်တွေကို အကြမ်းဖက်မှု၊ အခြေခံပြည်သူ့အခွင့်အရေးတွေကို ပြင်းထန်စွာနဲ့ ထပ်ဖန်တလဲလဲချိုးဖောက်မှု၊ အဓမ္မအလုပ်ခိုင်းစေမှုတွေ ပြန်လည်ဖြစ်ပွားမှုတွေအပေါ် အစီရင်ခံစာတွေကို အကဲဖြတ်ချင့်တွက်ဖို့ ကော်မရှင်ကို တာဝန်အပ်နှင်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးတွေ များစွာ ဆုံးရှုံးနေရတဲ့အပြင် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရေးရာညွှန်ကြားမှု ဦးစီးဌာနက အမှုထမ်းတွေကလည်း အလုပ်ရှင်တွေကို ဖော်လံဖားလုပ်နေကြပြီး ဥပဒေကို မျက်ကွယ်ပြုထားတယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကျဆုံးနိုင်ငံအဆင့်ကို ဦးတည်နေပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013