စိန်ခေါ်မှုတချို့ ရှိနေပေမဲ့ အကြမ်းဖက်မှုမရှိဘဲ နိုင်ငံဖြတ်ကျော်လာနေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဖြန့်ဝေရေး လုပ်ဆောင်နိုင်တယ်လို့ အစ္စရေးက မတ် ၁၄ ရက်မှာ ပြောပါတယ်။
အခက်အခဲတွေတော့ ရှိပေမဲ့ နေ့တိုင်း ကုန်တင်ကား အစီး ၁၇၀ လောက် အကြမ်းဖက်မခံရဘဲ၊ လုယက်မခံရဘဲ ဖြန့်ဝေနေတာကြောင့် လုပ်လို့ရတယ်လို့ ပြောတာဖြစ်ကြောင်း အကူအညီ လွှဲပြောင်းမှုတွေကို ကိုင်တွယ်တဲ့ အစ္စရေး စစ်တပ်ဌာနခွဲ COGAT အရပ်ဘက်ရေးရာဌာန အကြီးအကဲ ဗိုလ်မှူးကြီး အီလဒ် ဂိုရမ်က ပြောပါတယ်။
“စိန်ခေါ်မှုတွေရှိနေပြီး အဓိက စိန်ခေါ်မှုကတော့ သူတို့ (ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း) က စုဆောင်းပြီး ဖြန့်ဝေနိုင်တာထက်ကို ကျနော်တို့က ပိုစစ်ဆေးနေရတာက ကွာဟချက်ပါပဲ။”
ရိုက်တာကတော့ အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လုံခြုံစိတ်ချရတဲ့ ခီရမ်ရှာလွန်မ် နယ်စပ်ဂိတ်ကို အထောက်အပံ့တွေ သယ်ဆောင်လာတဲ့ ထရပ်ကားအများအပြားကို မြင်တွေ့ခဲ့ရပါတယ်။
ဂါဇာကမ်းမြောင်ကို ဝင်ရောက်လာတဲ့ အကူအညီ အများစုကို အီဂျစ်၊ အစ္စရေးနဲ့ ဂါဇာနယ်စပ်ရှိ အကောက်ခွန်စခန်းဖြစ်တဲ့ ခီရမ်ရှာလွန်မ်မှာ အစ္စရေးက စစ်ဆေးရှင်းလင်းပြီးရင် အီဂျစ်နဲ့ ဂါဇာကြားရှိ အဓိက ခရီးသည် ဖြတ်သန်းဂိတ်ဖြစ်တဲ့ ရာဖာ တောင်ပိုင်းမြို့ကို သယ်ဆောင်လာခဲ့တာပါ။
ဒါပေမဲ့ အကူအညီပေးရေး အေဂျင်စီတွေက အကူအညီတွေ ဖြန့်ဝေဖို့ ရုန်းကန်နေရတာကြောင့် ပြဿနာက ပိုများလာပြီး ဖြတ်ကျော်တဲ့ လမ်းကြောင်းတွေကို ပိုဖွင့်ပေးဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဆီကနေ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးမယ့် ပမာဏကို ကန့်သတ်ထားခြင်းမရှိကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး နှောင့်နှေးကြန့်ကြာမှုတွေဟာ အကူအညီပေးရေး အေဂျင်စီတွေရဲ့ ပျက်ကွက်မှုတွေကြောင့်လို့ အပြစ်တင်ထားပါတယ်။
ဂါဇာစစ်ပွဲ ၅ လကျော် ဖြစ်လာပြီးနောက်မှာတော့ စားနပ်ရိက္ခာတွေက သိသိသာသာ တိုးမလာဘဲ ဒေသရှိ လူဦးရေ ၂ ဒသမ ၃ သန်းဟာ အငတ်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကယ်ဆယ်ရေးအေဂျင်စီတွေက ပြောပါတယ်။
Source/Photo-Reuters