ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်မှာ မတ် ၁၄ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် သက်ကြီးရွယ်အို အမျိုးသမီး တဦး သေဆုံးခဲ့ကာ အမျိုးသားဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကျောက်ဖြူမြို့နယ်ထဲက စစ်ရေးနယ်မြေမဟုတ်တဲ့ စနဲတိုက်နယ်၊ ပြုံးပြဲရွာကို မနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ မိနစ်လောက်မှာ စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်ခဲ့လို့ လင်မယားနှစ်ဦးအနက် အမျိုးသမီးဖြစ်သူသေဆုံးခဲ့ပြီး အမျိုးသားကတော့ ပြင်းထန်ဒဏ်ရာရခဲ့တာလို့ ရွာခံတဦးက ပြောပါတယ်။
"ဒီနယ်မြေက တခါမှလဲတိုက်ပွဲမဖြစ်ဖူးဘူးလေ။ မနေ့က ဂျက်ဖိုက်တာလာပစ်တော့မှ ရွာသားတွေလည်း ကြောက်လန့်ကုန်တာပေါ့။ ဦးမောင်ကျော်ထွန်းတို့အိမ်ကိုထိသွားတာ။ သူ့မိန်းမကတော့ အိမ်ထဲမှာ ပွဲချင်းပြီး သေသွားတယ်။ သူကကျည်စထိပြီး ဒဏ်ရာပြင်းပြင်းရတာ။”
လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စနဲတိုက်နယ်၊ ပြုံးပြဲရွာက အသက် ၇၈ နှစ် အရွယ် ဦးမောင်ကျော်ထွန်းဟာ ဘယ်ဖက်ဒူးအထက် ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ ဇနီး အသက် ၇၂နှစ် အရွယ် ဒေါ်စိန်တင်ဖြူက နေအိမ်မှဦ ပွဲချင်းပြီးသေဆုံးခဲ့တာလို့ သိရပါတယ်။
မတ်လ ၁၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်ထဲမှာ မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး ခြေထောက်ပြတ်ကာ အသက် ၆၅ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက်ထိုးစစ်အတွင်း စစ်ကောင်စီတပ်အနေနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေကို လေကြောင်း၊ ရေကြောင်းကနေ လူမဆန်စွာ အငြိုးတကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
Photo - APM