မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက မတ်လဆန်းပိုင်းကစပြီး စစ်မှုထမ်းဖို့အတွက် လူတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်သားတွေက အုပ်ကြီးထဲ ရွာက ကျန်းမားရေးကောင်းပြီး ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ငါးယောက်တောင်းတယ်။ အုပ်ကြီးက အဲ့လိုတော့ ကျနော် ပေးလို့မရဘူးလို့ ပြောတာကို စစ်သားတွေက ညမထွက်ရအမိန့်အတွင်း ဘယ်သူ့ကိုမှ အပြင်မထွက်မိစေနဲ့။ အကုန်လုံးကို ဆွဲသွင်းမယ်လို့ ပြောတယ်။”
စစ်ကောင်စီတပ်သားတွေဟာ ညဘက်တွေမှာ ကျိုက်ထိုမြို့ ကားလမ်းမတလျေှာက်မှာရှိတဲ့ ကျေးရွာတွေကို ကင်းလှည့်နေပြီး ညဘက် အပြင်ထွက်သူတွေကို ဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီထံမှာ စစ်မှုထမ်းသွားမှာမဟုတ်ဘဲ အတင်းအကျပ် စစ်မှုထမ်းခိုင်းပါက တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်သွားမယ်လို့ ကျိုက်ထိုမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ကျနော်တို့က ဘယ်တော့မှ စစ်တပ်မှာ စစ်မှုထမ်းသွားမှာ မဟုတ်ဘူး။ မဖြစ်မနေ အခြေအနေဆိုရင် PDF ထဲမှာပဲ စစ်မှုထမ်းသွားပါမယ်။ အခုတည်းက စစ်မှုထမ်းဥပဒေကို ရှောင်ဖို့ နိုင်ငံခြားထွက်နေတဲ့သူတွေလည်း ရှိသလို ကျောင်းတက်နေတဲ့သူတွေလည်း ရှိတယ်။ ဘယ်သူမှ သူတို့ဆီမှာ စစ်မှုမထမ်းချင်ကြဘူး။”
ကျိုက်ထိုမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီ သတင်းပေးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မကြာခဏ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီက အစစ်ဆေးကြမ်းနေပြီး ဆိုင်ကယ်နှစ်ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။