မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဘီလူးနင်းမယ့်လမ်းစစ်ဆင်ရေးအဖွင့် အနေနဲ့ မတ် ၁၄ ရက်က ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ကနေ သိရပါတယ်။
စစ်ကောင်စီတပ် အင်အား ၁၅ ဦးထက်မနည်းရှိတဲ့ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကို မတ် ၁၄ ရက် မနက် ၈ နာရီခွဲမှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတဦးက “ဂိတ်ကို ကျနော်တို့က ကားနဲ့ဝင်ပြီးပစ်တာ၊ လမ်းပေါ်မှာရှိတဲ့ ခြောက်ယောက်ကိုတော့ ပိုင်ပိုင်နိုင်နိုင် ပစ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဘက်က ကားမောင်းတဲ့သူ ကျည်နှစ်ချက်ထိသွားတာကော ဘန်ကာတွေက ပြန်ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက်ပါ လက်နက်မကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။ ဒဏ်ရာက လက်ဖျင်ကို ကျည်နှစ်ချက် မှန်သွားတယ် ဆိုပေမဲ့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
‘ဘီးလင်းနင်းမယ့်လမ်း’ စစ်ဆင်ရေး စတင်ပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မပေါ့ဘဲ အသွားအလာ ဂရုစိုက်ကြဖို့ ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း ဘီလူးနင်းမယ့်စစ်ဆင်ရေးကို အကောင်အထည်ဖော်တော့မှာ ဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိနဲ့ သွားလာနေထိုင်ဖို့ ရေးဘီလူးအဖွဲ့က မတ် ၁၀ ရက်မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာနဲ့ စုံနံ့သာကျေးရွာကြားမှာရှိတဲ့ ခံသင်းတံတား စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၉ ရက်က ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ပါတယ်။