Home
မြန်မာသတင်း
ဟိုပုံးမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ နေအိမ် ၈၀ ခန့်ပျက်စီး
DVB
·
March 14, 2024
HoPoneFire02_14032024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ နမ့်ဟူးရွာဟာ မတ် ၁၂ ရက်က မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် ၈၀ လောက် ပြာကျသွားရတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

နမ့်ဟူးကျေးရွာထဲနဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ မတ်လ ပထမပတ်က စစ်ကောင်စီ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

မတ် ၁၂ ရက် ညနေ ၃ နာရီကစပြီး နေအိမ်မီးရှို့ခံခဲ့ရပြီး တညလုံး မီးလောင်ပြီးနောက် မနက်ရောက်တော့ အိမ်ခြေ ၁၀၀ သာရှိတဲ့ နမ့်ဟူးရွာဟာ အိမ်ခြေ ၈၀ က မီးလောင် ပြာကြခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာသားတွေ စစ်ဘေးမတိမ်းရှောင်ခင်တော့ ရွာအနီးတဝိုက် PNA နဲ့ ဗမာစစ်သားတွေ လှည့်လည် လှုပ်ရှားနေတာတော့ ရှိတယ်။ ရွာသားအကုန်လုံးနီးပါး ထွက်ပြေးပြီးမှ ရှို့ခံရတယ်။ တမင်ကိုရှို့တဲ့ပုံစံ ဖြစ်နေတယ်။”

ပအိုဝ်းအမျိုးသားလွတ်‌ေမြာက်ရေးတပ်မတော် (PNLA) ကတော့ နမ့်ဟူးရွာမှာ မိမိအဖွဲ့ လှုပ်ရှားတာ မရှိသလို တပ်စွဲထားတာလည်း မရှိဘဲ စစ်ကောင်စီက မီးရှို့ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့သလို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်၊ PNA ပြည်သူ့စစ် ဝါဒဖြန့် အကောင့်တွေကလည်း PNLA၊ KNDF၊ PDF က နမ့်ဟူးရွာကို မီးရှို့ခဲ့တာလို့ ဝါဒဖြန့် ရေးသားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်‌ေမြာက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “နွေဦးတော်လှန်ရေးမှာတင် မကဘူး၊ မြန်မာနိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ ကြည့်ကြည့်လိုက်တဲ့အခါ ရပ်ရွာကို မီးရှို့ဖျက်ဆီးတယ်ဆိုတာ တော်လှန်ရေးတပ်ဖွဲ့ လုပ်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။ အဓိက စစ်အာဏာရှင်တွေပဲ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ အခုလည်းပဲ စစ်ကောင်စီက ဒီရွာကို တမင်သက်သက် မီးရှို့ဖျက်ဆီးပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်ပြီးတော့ စွပ်စွဲတာ ဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့လုပ်ရပ်က မြေပြင်မှာရှိတဲ့ ပြည်သူလူထု အသိဆုံးဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်ကလည်း မဲနယ်တောင်ဒေသရှိ ပင်လျမ်ရွာကို စစ်ကောင်စီက လက်နက်ကြီး၊ မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့နဲ့ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013