ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးမြို့မှာရှိတဲ့ မော်တင်စွန်းစေတီအနီး ငွေတောင်ကမ်းခြေမှာ မနေ့ မတ် ၁၃ ရက် မနက် ၁၁ နာရီလောက်က ရှားပါးလင်းပိုင် ၂၅ ကောင် သောင်တင်ခဲ့တယ်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ခရီးသွားလုပ်ငန်းရှင်တဦးက “ခရီးသွားတွေက အပန်းဖြေရင်း အရင်ဆုံးတွေ့တာ။ အုပ်လိုက်ကို သောင်တင်နေတာ။ အကုန် လင်းပိုင် ၂၅ ကောင်ပါ။ အုပ်လိုက် မြူးနေရင်း သဲပြင်ပေါ်တင်ခဲ့တဲ့ အခြေအနေပါ။ ခရီးသွားတွေကတော့ စိတ်ဝင်စားလို့ ဓာတ်ပုံတွေ ရိုက်ကြတာပေါ့။ တနေ့ကလည်း ပိုက်တွေနဲ့ငြိပြီး လင်းပိုင်တွေပါလာလို့ ပြန်လွှတ်ပေးရသေးတယ်” လို့ ပြောပါတယ်။
အဲဒီ သောင်တင်ခဲ့တဲ့ လင်းပိုင် ၂၅ ကောင်ခန့်ကို တာဝန်ရှိသူတွေ၊ ရေလုပ်သားတွေ၊ ခရီးသွားတွေနဲ့ မြတ်မော်တင်စွန်းစေတီ ဂေါပကအဖွဲ့တွေက ပြန်လွှတ်ပေးခဲ့ပြီး သောင်တင်မှုကြောင့်လင်းပိုင်တွေ သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတဦးက “ခရီးသွားတွေက လင်းပိုင်တွေကို ချစ်လို့ အမှတ်တရ ဓာတ်ပုံတွေရိုက်တာပေါ့။ စနစ်တကျ ရိုက်ကြတာပါ။ ထိခိုက်သေဆုံးမှု မရှိစေဖို့ စနစ်တကျဖမ်းယူပြီး ရေထဲဘက်ကို ပြန်လွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
မတ် ၁၂ ရက်ကလည်း ရေလုပ်သား အယောက် ၃၀ လောက်နဲ့ ဆွဲရတဲ့ ငါးဖမ်းပိုက်ထဲ လင်းပိုင် ၁၅ ကောင်ထက်မနည်း ပါလာလို့ ဒေသခံတွေနဲ့ ရေလုပ်သားတွေက သက်ဆိုင်ရာရဲ့ လမ်းညွှန်ချက်နဲ့အညီ ပင်လယ်ထဲကို ပြန်လွှတ်ပေးခဲ့သေးတယ်လို့ သိရပါတယ်။
မြတ်မော်တင်စွန်း စေတီအနီး ငွေတောင်ကမ်းခြေမှာ လင်းပိုင်၊ လင်းရှူး၊ ဝေလငါး စတဲ့ ရှားပါးငါးမျိုးစိတ်တွေ ကျက်စားနေထိုင်တယ်လို့ သိရပြီး အခုလို လင်းပိုင်တွေ အုပ်စုလိုက် သောင်တင်တဲ့ ဖြစ်စဉ်တော့ အရင်က မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မြတ်မော်တင်စွန်းဘုရားပွဲတော်ကို မတ် ၁၀ ရက်ကနေ ၂၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာကြောင့် ဘုရားပွဲတော်ကာလ ဖြစ်တဲ့အတွက် ဘုရားဖူးလာရောက်လည်ပတ်သူ များပြားတယ်လို့ သိရပါတယ်။
Photo - TAN