ရမ်းဗြဲကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေသလို တခြားမြို့ရွာတွေကို သွားလာဖို့လည်း လမ်းကြောင်းတွေ ပိတ်နေဆဲဖြစ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို မတ် ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ရမ်းဗြဲတဝိုက်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်ကလည်း ရမ်းဗြဲနဲ့ တဆက်တည်းရှိနေတဲ့ လေးတောင်မြို့အနီးကို စစ်ကောင်စီရေတပ်က ပစ်ခတ်မှုတွေ လုပ်ခဲ့တာပါ။
ဒါကြောင့် ဒေသခံတွေက စိုးရိမ်နေကြရပြီး ဗုံးခိုကျင်းတွေထဲမှာ နေနေရဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲကာလတုန်းက ရမ်းဗြဲဆေးရုံကိုလည်း စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုက လုံးဝမရှိတော့ဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် တဆက်တည်းရှိနေတဲ့ မြို့တွေကိုလည်း သွားလာလို့မရတော့တာကြောင့် ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေတွေမှာ ဘာကုသမှုမှ လုပ်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော်ဘက်ကတော့ သူတို့သိမ်းပိုက်ထားတဲ့ မြို့ရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်သလောက် လုပ်ပေးနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့လည်း ရမ်းဗြဲမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၈၅ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ထွက်ပြေးစစ်သားတွေကို လိုက်လံရှင်းလင်းနေတယ်လို့ ရက္ခိုင့်တပ်တော်ဘက်က ပြောဆိုထားသလို မြေပြင်မှာလည်း ကြိုးကြား တိုက်ပွဲတချို့တော့ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ထက်အောင်