စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာကို စစ်ကောင်စီတပ်က ဒီနေ့ မတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါလေယာဉ်ဟာ Mi35 အမျိုးအစားဖြစ်ပြီး မန္တလေး တံတားဦးလေယာဉ်ကွင်းကနေ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံ ကိုတိုးကြီးက “ဗုံးသီးက နှစ်လုံးချတယ်ဗျ။ ရွာအလယ်က ဘုရားအနီး တလုံးကျတယ်၊ ရွာတောင်ဘက် တလုံးကျတယ်။ အဲဒီအလုံးကတော့ ရွာသားတွေက ကံကောင်းလို့ အထိအခိုက်မရှိတာ။ ကျရောက်ပေါက်ကွဲတဲ့နေရာ ခပ်လှမ်းလှမ်းမှာ မြေပဲဆွတ်နေတဲ့ ပြည်သူတွေရှိတယ်။ ဘာမှမဖြစ်လို့ တော်သေးတယ်။ နွားတကောင်ကတော့ လေယာဉ်ပေါ်က စက်လက်နက်ပစ်လို့ သေဆုံးတာရှိခဲ့တယ်။ ရွာထဲကျတဲ့ အလုံးကတော့ လူထိခိုက်မှု မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ကမ်းဖြူရွာဟာ စစ်တပ်အထိုင်ချတဲ့ ဝက်လက်မြို့နဲ့ ၁၂ မိုင်ခွဲခန့် ကွာေဝးသလို ရှိမ်းမကား စစ်တပ်အထိုင်စခန်းနဲ့ ၄ မိုင်ခန့် ဝေးကွာတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ကျားကြီးက “ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဘာထိတွေ့တိုက်ပွဲမှ မဖြစ်ဘူး။ ဘယ်ကာကွယ်ရေးမှ မရှိဘဲကို ဗုံးကြဲ ပစ်ခတ်သွားတာ။ ပြည်သူကို သက်သက်ဒုက္ခပေးတာပါ။ ပြည်သူအထိခိုက်မရှိဘူးလို့တော့ သတင်းရထားတယ်။ နွားတကောင်တော့ သေတာရှိတယ်” လို့ ပြောပါတယ်။
ကမ်းဖြူရွာဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ် အေနာက်ဘက်ကမ်းနဖူးပေါ်မှာ တည်ရှိပြီး ရွာသူ ရွာသား အများစုကတော့ ကိုင်းကျွန်းလယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက် နေကြတာလည်း ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာကို စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက် မွန်းလွဲပိုင်းကလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။