Home
မြန်မာသတင်း
ထိုင်ယောလ် ဒုက္ခသည်စခန်းရှိ စစ်ဘေးရှောင် ချင်းပြည်သူများ အကူအညီလိုအပ်နေ
DVB
·
March 14, 2024
MIZO-26112023

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ထိုင်ယောလ်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင် ချင်းပြည်သူတွေ လူသားချင်းစာနာမှု အကူအညီတွေ မရရှိတော့တာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

မီဇိုရမ်ပြည်နယ်၊ လုံးလေခရိုင်၊ ထိုင်ယောလ်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ချင်းစစ်ဘေးရှောင်ပြည်သူတွေဟာ ကူညီထောက်ပံ့မှု မရရှိတော့တဲ့အတွက် အခက်အခဲတွေကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

ထိုင်ယောလ်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၈၂ အိမ်နဲ့ လူဦးရေ ၈၀၀ နီးပါးနေထိုင်ကြပြီး ဒုက္ခသည်စခန်းမှာ စတင်နေထိုင်ကြစဉ်တုန်းကတော့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဘက်က ပရဟိတအဖွဲ့တွေရဲ့ ထောက်ပံ့မှုနဲ့ နေထိုင်ခဲ့ကြရကာ ခုအချိန်မှာတော့ ထောက်ပံ့မှုမရတာ တနှစ်ကျော်ပြီလို့ စစ်ရှောင်ပြည်သူ  ဆလိုင်းဘီလီဂျွန်းက ပြောပါတယ်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် မတူပီမြို့နယ် ကျေးရွာ ၁၃ ရွာကပြည်သူတွေဟာ မီဇိုရမ်ပြည်နယ်ဘက်ကို ဒုက္ခသည်အဖြစ်ရွေ့ပြောင်းလာကြတာ ၂ နှစ် ကျော်ရှိနေပြီဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ သူတို့နေထိုင်တဲ့ စခန်းနဲ့ နီးစပ်တဲ့ကျေးရွာတွေမှာ ကျပန်းအလုပ်တွေ လုပ်ကိုင်ကြရပြီး အလုပ်အကိုင်ရှားပါးမှုနဲ့လည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ဘေးရှောင်တွေရဲ့ တနေ့ဝင်ငွေဟာ ရူပီး ၂၀၀ ကနေ ၅၀၀ အကြားရရှိပြီး ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ဝင်ငွေထွက်ငွေမမျှဘူးလို့လည်း စခန်းတာဝန်ခံ ဟိုမှုန်လျန်က  ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးကိုတော့ Chinland Health Organization (CHO) က ထောက်ပံ့ပေးထားပြီး ဆေးဝါးလိုအပ်ချက်တွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀,၀၀၀ ကျော်အထိ ရှိခဲ့ပြီး အိမ်းနီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဆီ စစ်ဘေးဒုက္ခသည် ၆၀,၀၀၀ နီးပါး ထွက်ပြေးတိမ်း‌ရှောင်နေရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ကနေ သိရပါတယ်။

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024