မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်းမှာ မတ် ၁၃ ရက် မနက် ၁၀ နာရီခွဲလောက်က မြို့နယ်အဆင့် အစည်းအဝေး ပြုလုပ်နေချိန် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပညာရေးဝန်ထမ်းတဦး သေဆုံးကာ မြို့နယ်ပအဖအဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပအဖ ကနေ သိရပါတယ်။
“စာသင်ကျောင်းဆောင်ပေါ် တည့်တည့်ကျတာပါ။ အစည်းအဝေးလုပ်နေတဲ့ အဆောင်တော့ မဟုတ်ပါဘူး။ အဆောင်ပေါ်သာကျရင် အကုန်သေကြမှာပါ။”
စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် ဗုံးစထိမှန်ပြီး ပညာရေးဝန်ထမ်း ဆရာတဦး နေရာတင် သေဆုံးခဲ့ပြီး အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။
လေကြောင်းပစ်ခတ်ခံရမှုကြောင့် စာသင်ကျောင်းဆောင် အပါအဝင် ကားတစီး ထိခိုက်ပျက်စီးခဲ့ပြီး တခြား မြို့နယ်ပအဖအဖွဲ့ဝင်လေးဦး ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။