Home
မြန်မာသတင်း
လိုင်ဇာအနီး တိုက်ပွဲပြင်းထန်၊ တရုတ်က နယ်စပ်နေပြည်သူများကို ရွှေ့ပြောင်းခိုင်းပြီး လုံခြုံရေး တိုးမြှင့်
DVB
·
March 14, 2024
KIA_14032024

ကချင်ပြည်နယ်၊ လိုင်ဇာအနီး ဘွမ်ရေတောင်ကြောမှာ မတ် ၁၃ ရက်ကစပြီး ဒီနေ့ မတ် ၁၄ ရက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နယ်စပ် လိုင်ဇာဘက်ခြမ်း တိုက်ပွဲပြင်းထန်နေတာ ကြောင့် တရုတ်အစိုးရက တရုတ်နယ်စပ်ပြည်သူတွေကို ရွှေ့ပြောင်းစေကာ နှစ်နိုင်ငံ နယ်ခြား စည်းရိုးဘက်ကိုလည်း ဒရုန်းလွှတ် လုံခြုံရေး တိုးမြှင့်ထားကြောင်း နယ်စပ်ဒေသခံတွေက ပြောပါတယ်။

နယ်စပ်ဒေသခံ အမျိုးသားတဦးက “ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာလည်း ဘွမ်ရေတောင်‌ကြောဘက် တိုက်ပွဲ ပြင်းထန်နေတယ်။ လေယာဉ်တွေလည်း တက်လာတယ်။ လေယာဉ်ဗုံး ဘယ်နားကြဲချတာ ကြည့်နေတယ်” လို့ ပြောပါတယ်။

မတ် ၁၃ ရက်ကလည်း အဲဒီ ဘွမ်ရေတောင်ဘက် တိုက်ပွဲပြင်းထန်ပြီး မိုးကြိုးပစ်သလို အဆက်မပြတ် လေယာဉ်ဗုံးကြဲ‌လို့ မနေနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်ဖွယ် အသံတွေ တရုတ်ဘက်ခြမ်း ရင်ကျန်းထိတောင် ကြားနေရတယ်လို့ တရုတ်ဘက်နေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

မတ် ၇ ရက်ကစပြီး လက်ရှိထိ မြန်မာဘက်ခြမ်း လိုင်ဇာဘက် တိုက်ပွဲပြင်းထန်နေသလို လက်နက်ကြီးတွေလည်း တရုတ်ဘက်ခြမ်းမှာ လာကျပြီး နေအိမ်တွေ ထိခိုက်ပျက်စီးလာတာကြောင့် တရုတ်အစိုးရက လိုင်ဇာ (တရုတ်ဘက်) က တရုတ်‌နယ်စပ် ဒေသခံတွေကို ရင်ကျန်းမြို့နဲ့ အနီးဝန်းကျင်ထိ ပြောင်းရွှေ့ ရှောင်တိမ်းခိုင်းကြောင်း နယ်စပ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဟုတ်တယ်။ တရုတ်ပြည်ဘက်ခြမ်းတောင်မှလေ မနေခိုင်းတော့ဘူး။ ထုံပီဂွမ်းထိ ရွှေ့လာခိုင်းတယ်လို့ ပြောတယ်။ ထုံပီဂွမ်း ဆိုတာ လိုင်ဇာနဲ့ ရင်ကျန်းကြားမှာပေါ့။ တောင်ထိပ်မှာလေ။ ရွာတရွာမှာ။ ကချင်လူမျိုးလည်း တော်တော်များတယ်၊ ထုံပီဂွမ်း ဆိုတဲ့နေရာက။ အဲကနေပြီးတော့ ဆီမာ့တို့ ဘာတို့သွားတဲ့ နေရာလေ။”

မတ် ၉ ရက် မနက်ကစပြီး ရှောင်ခိုင်းလိုင်ဇာ (တရုတ်)၊ နာဘန်း စတဲ့ လိုင်ဇာ (မြန်မာဘက်) နဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ် ဒေသခံအကုန်လုံးကို ကာဒိုနဲ့ ရင်ကျန်းထိ တိမ်းရှောင်ကြဖို့ ပြောတယ်လို့ လိုင်ဇာဒေသခံ အမျိုးသမီးတဦးကလည်း ပြောပါတယ်။

တရုတ်ဘက်ခြမ်းက ရဲတွေလည်း မြန်မာဘက်ခြမ်း လေယာဉ်တွေ ဗုံးလာကြဲရင် ရာဘာတောထဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ခြမ်းထဲ လက်နက်ကြီးတွေကျလို့ နေအိမ်၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးတဲ့အပြင် နယ်စပ်ဝင်ထွက်ဂိတ်လည်း လေယာဉ်ဗုံးအရှိန်ကြောင့် မျက်နှာကျက်တွေ ကွာကျ ပျက်စီးတာမျိုးတွေ ဖြစ်လာလို့ တရုတ်ဘက်က ဒရုန်းလွှတ်ကာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတဦးကလည်း ပြောပါတယ်။

“တရုတ်ဘက်ခြမ်းထဲလည်း လက်နက်ကြီးတွေကျလို့ တရုတ် ဒရုန်းသံတွေ၊ လေယာဉ်သံတွေပဲ ကြားနေရတယ်။ တရုတ်ဘက်ဝင်တဲ့ ဂိတ်ပေါက်ဝလည်း အကုန်ပျက်စီးကုန်တယ်။ တရုတ်ဘက် အရမ်းထိလာလို့ ဒရုန်းတွေနဲ့ လုံခြုံရေး လိုက်ကြည့်နေတယ်။ လူထိတာတော့ မကြားဘူး။ လက်နက်ကြီးကျည်ကျပြီး အိမ်တွေမီးလောင်၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားတာပဲရှိတယ်။ ပါဂျို နာဖော့ စစ်ကောင်စီစခန်းဘက်က ပစ်လိုက်တာလေ။”

မြန်မာဘက်ခြမ်းက စစ်ရှောင်ပြည်သူတဦးကဝောာ့ မုံလိုင်ခက်လို ပြည်သူတွေအပေါ် လေယာဉ်ဗုံးကြဲချမှာ စိုးရိမ်နေတယ်လို့ ပြောပါတယ်။

“ကျမတို့အပေါ် လေယာဉ်တွေ ပျံဝဲနေတော့ မုန်လိုင်ခက်လို ဖြစ်လာမှာကြောက်လို့ ထွက်ပြေးနေရတာ။ ပြည်သူတွေရှိတဲ့နေရာ လေယာဉ်ဗုံးလာကြဲမှာပဲ ကြောက်‌နေတယ်။ အဲဒီ ပေါင် ၅၀၀ ဗုံးဆိုတဲ့ဟာ ကြဲချမှာ သိပ်ကြောက်တယ်။”

လိုင်ဇာ တရုတ်နဲ့ မြန်မာ နှစ်ဖက်စလုံးက နယ်စပ်ပြည်သူတွေ တိုက်ပွဲရှောင်နေကြရပြီး မတ် ၇ ရက်ကစလို့ ဒီနေ့ မတ် ၁၄ ရက်အထိ လိုင်ဇာအနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ KIA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013