Home
မြန်မာသတင်း
ပြည်သူ့စစ်မှုထမ်းစာရင်း တိတိကျကျကောက်ရန် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
DVB
·
March 14, 2024
Meeting_14032024

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအတွက် စာရင်းဇယားတွေကို  တိတိကျကျကောက်ဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောပါတယ်။

မတ် ၁၃ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တက်ရောက်ခဲ့ကြတဲ့ ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ဝင်တွေကို ဦးစိုးသိန်းက ပြောကြားခဲ့တာပါ။

"ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျနှင့် မှန်ကန် မှုရှိစေရေး အလေးထားဆောင် ရွက်သွားရမှာဖြစ်ကြောင်း" ဦးစိုးသိန်းက ပြောကြားခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အ​ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေကို ပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်၊ သဘောပေါက်နားလည်အောင် ရှင်းလင်းဟောပြောပွဲတွေဆောင်ရွက်တာ၊ ကားဂိတ်၊ ဈေးတွေမှာ လက်ကမ်း စာစောင်ဖြန့်ဝေတာတွေ ဆောင်ရွက်ဖို့နဲ့ လုပ်ဆောင်မှုအခြေ အနေတွေကို ဗဟိုအဖွဲ့ဆီ ပြန်လည်တင်ပြရမယ်လို့ သူကဆိုပါတယ်။

ရန်ကုန်တိုင်းမှာ ခရိုင်နဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သလို ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေးအဖွဲ့တွေကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သူကအသိပေးပြောကြားပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ စစ်မူထမ်းဖို့ အကျုံးဝင်သူတွေရဲ့စာရင်းကို ခပ်စိတ်စိတ်ကောက်ယူနေပြီး လူငယ်အမျိုးသားတွေရှိတဲ့အိမ်ကို ဦးစားပေးကောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက်မှာနေထိုင်သူတဦးက "ပြီးခဲ့တဲ့ရက်တွေက လူငယ်တွေရှိတဲ့ အိမ်တွေဆီ တိုက်ရိုက်ဝင်ပြီး စာရင်းလိုက်မှတ်တယ်။ အဲဒီအိမ်ကသူတွေ ရပ်ကွက်ရုံးမှာ ဖောင်လာဖြည့်ဖို့ ပြောတယ်။ အိမ်ပိုင်သမားတွေကိုပဲ စာရင်းကောက်သွားတာ" လို့ ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ဖေဖော်ဝါရီ ၁၄ရက်မှာ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတွေ စတင်နေတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ် မပြည့်သေးသူ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီး အသက် ၂၇ နှစ် မပြည့်သေးသူတွေ အကျုံးဝင်ပြီး ကျွမ်းကျင်သူ အမျိုးသားဆိုရင် အသက် ၄၅ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူအမျိုးသမီး ဆိုရင် အသက် ၃၅ နှစ် မပြည့် သေးသူတွေ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စက်မှုလက်မှု ပညာသည်တွေအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုတဲ့ ကာလအပိုင်းအခြားအတွက် စစ်မှုထမ်း ရမှာ​ဖြစ်​ပြီး နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ် ပေါ်ရင် စစ်မှုထမ်း ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့ အဲဒီဥပဒေမှာဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013